CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၈

ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု အပစ်ရပ်(၇)ဖွဲ့၏ ထိပ်သီး မျက်နှာစုံညီ အစည်းအဝေးအပြီး မေလ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် မျက်နှာစုံညီ ထိပ်သီး အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မေလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ နှောင်းပိုင်းတွင် ကျင်းပခဲ့သည့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ (NCA-S EAO- 7)ဖွဲ့၏ အလွတ် သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)တို့၏ အလွတ် သဘော အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောထား စုစည်းချက်များကို သုံးသပ် ဆွေးနွေးခဲ့ကြ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နှစ်ရက်တာ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရန် လက်တွေ့ ကျပြီး ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

 ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်က NCA-S EAO ၇ ဖွဲ့၏ ထိပ်သီး အစည်းအဝေး၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထိုကဲ့သို့ နည်းလမ်းများ ရှာဖွေရာတွင် အဓိကအားဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံ ရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများသည် အမျိုးသားရေး လုပ်ငန်းစဉ်နှင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ၏ အခန်းကဏ္ဍ နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလားသည့် ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများပေါ်တွင် ခိုင်မာစွာ ရပ်တည်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်ဟု NCA-S EAO ၇ ဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နစကနှင့် တပ်မတော်ကို အကြမ်းဖက် အဖွဲ့ဖြင့် ကြေညာ ထားသလို သွေးကြွေးမှာ ဆွေးနွေးစရာမရှိ အပြုတ်တိုက်ရမည်ဟုလည်း ကြွေးကြော်ထားသည်။
အလားတူ နစက-ကလည်း NUG နှင့် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့(LDF)တို့ကို အကြမ်းဖက် အဖွဲ့ဖြင့် ကြေညာထားသလို စေ့စပ်ဆွေးနွေးမည် မဟုတ်ကြောင်းလည်း ထုတ်ပြန် ထားသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရေး တွေ့ဆုံ ဆွေးနွေးရန် တောင်းဆို တိုက်တွန်းမှု များနှင့် ကြိုးပမ်းမှုများသည် ခက်ခဲနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူများက ပြောသည်။