CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၂

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှု ရရှိရေးမှာ လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့် နစကနှင့် NUG တို့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာမှုမှာ အဓိကကျကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး နစကနှင့် သဘောတူညီမှု ယူထားသည့် အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်မှာ တိုးတက်မှုမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ၌ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှာသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

၎င်းက “သူတို့က အဓိက အားဖြင့်တော့ 5 Point Consensus ပေါ့နော် သူတို့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အဲဒါကို ဦးတည်ပြီးတော့ သူတို့ လုပ်ဆောင်နေတာပေါ့၊ အဲဒီတော့ သူတို့က အခုဒီ အာဆီယံအသင်း အလှည့်ကျဥက္ကဋ္ဌလုပ်တဲ့ နိုင်ငံတွေကပေါ့၊ သူတို့က တာဝန်ယူပြီး လုပ်တာ များတယ် 5 Point Consensus ကို အကောင်အထည်ဖော်ဖို့ အဲဒီတော့ အဲမှာက အရေးကြီးတာက မြန်မာ့အရေးမှာ နှစ်ဖက် ထိပ် တိုက်ဖြစ်နေတဲ့ အဖွဲ့တွေ အပါအဝင်ပေါ့နော်၊ ဆိုလိုတာတော့ NUG တို့၊ PDF တို့၊ CRPH တို့၊ NLD တို့ပေါ့ဗျာ အဲဒီ ဟာနဲ့ နစကနဲ့ အပါအဝင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံး တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံ ရေးအရ အဖြေရှာဖို့ဆိုတာကို အဲဒါက နည်းနည်း အဓိကကျတဲ့ အချက်ဖြစ်နေတယ်၊ အဲဒီဟာကိုရောက်အောင် သူတို့ တွန်းနေတာပေါ့နော်၊ ဝိုင်းပြီးတော့ ကြိုးစားနေတာ” ဟု ပြောသည်။

 အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှာသမ္မတ ဂျိုကိုဝီဒိုဒိုကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းအရ ပေါ်ပေါက်ခဲ့သည့် NUG၊ CRPH တို့မှာ ၎င်းတို့ ၏ အစီအစဉ်အတိုင်း လုပ်ဆောင်နေပြီး နစကနှင့် မတူညီသည့် လမ်းကြောင်းကို သွားနေကြကြောင်း၊ ထို့ကြောင့် အာဆီယံ ဘုံသဘောတူညီမှု ၅ ရပ်မှာ အလုပ်မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

နစကနှင့် NUG တို့ တွေ့ဆုံဆွေးနွေးမှုမှာ မဖြစ်နိုင်သောကြောင့် ဘုံသဘောတူညီချက်မှာ တိုးတက်လာမှာ မဟုတ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနေရာမှာ ကျနော်တို့ သွားကြည့်ရမှာပေါ့၊ သွားကြည့်ရမယ်ဆိုတာက ဆွေးနွေးဖက်က ဘယ်သူလဲဆိုတာ ကြည့်ရမှာပေါ့နော်၊ ဒါကတော့ ကျနော်က ပြောရလို့ရှိရင်က နစက နေရာကနေ ပြောမယ်ဆိုရင် အနည်းဆုံး ပြော ချင်တယ်ဆိုရင်တော့ ဘာပဲပြောပြော အကြမ်းဖက်မှုကိုလည်း ရပ်တန့်ရမယ်ဗျ၊ မရပ်တန့်လိုတော့ မရဘူး၊ ဘာကြောင့်လဲဆိုရင် အကြမ်းဖက်သမားနဲ့ ဆွေးနွေးတယ်ဆိုတာက ဘယ်နိုင်ငံမှာမှ မရှိဘူးလေ၊ ဘယ်နိုင်ငံမှာမဆို အကြမ်းဖက်သမားကို စင်ပေါ်မှာ အရောက်ခေါ်ပြီး မဆွေးနွေးကြပါဘူး။ မဆွေနွေးကြပါဘူးဆိုတာ လက်ရှိမှာ တော့ သူက လူသတ်ဝါဒပေါ့နော်၊ ဒလန်ဆို သတ်ရမယ်ဆိုတဲ့ ဟာကို ဒီမူကြီးကို သူက ချချင်လည်း ချမယ်၊ မချရင် လည်း ဒီလို လုပ်နေတာကို အားပေးအားမြှောက် ပြုနေတဲ့ အဖွဲ့အစည်းဆိုတာကတော့ အကြမ်းဖက်သမားဆိုတဲ့ အခါကြတော့ ဆွေးနွေးမှာ မဟုတ်ဘူးဗျ၊ အပစ်အခတ် အတိုင်အခိုက်တွေ ရပ်စဲတယ်ဆိုရင်တော့လည်း စဉ်းစား ကောင်း စဉ်းစားနိုင်တာပေါ့နော်၊ ကျနော်သာဆိုရင် ဆိုပြီးတော့ ပြောတာပါ။ ဖြစ်ဖို့များတာကတော့ အကြမ်းဖက်မှု တွေ လုပ်နေတဲ့အတွက် သူက ဆွေးနွေးမှာ မဟုတ်ဘူးဗျ၊ ဒါက အဓိကလို့ ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ဘာတိုး တက်မှုမှ မရှိတာပေါ့နော်” ဟု ပြောသည်။

အာဆီယံညီလာခံကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးများမှာ အဖက်ဖက်မှ ယိုယွင်း ကျဆင်းလျက် ရှိနေသည်။

မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်ရေး နိုင်ငံတကာများ အပါအဝင် အာဆီယံ၊ ကုလ စသည့် အဖွဲ့အစည်းများ ကြားဝင်ဆောင်ရွက်နေသော်လည်း ဖြေရှင်းနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။