CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်နှင့်ဒီမိုကရေစီ ပြည်ထောင်စုဖြင့် တည်ဆောက်သွားမည်ဟု ပြောဆို ဆွေးနွေး နေကြခြင်းကြောင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ မည်သည့် စနစ်အား အရင်တည်ဆောက်မလဲဆိုသော မေးခွန်းထုတ် မှုများ ရှိလာနေသည်။

အနာဂတ်မှာ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု တည်ဆောက်မည်ဟု နစကနှင့် NUG တို့က အသီးသီး ပြော ကြား၍ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများကို စည်းရုံးလျက်ရှိသည်။ သို့သော် မည်သည့် ပြည်ထောင်စုမျိုး တည်ဆောက်မည်ကိုတော့ တိတိကျကျ ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိသည့်အတွက် ဖက်ဒရယ်နှင့် သွားရမှာ ဖြစ်ကြောင်း၊ ဖက်ဒရယ် နောက်မှသာ ဒီမိုကရေစီရှိသင့်ကြောင်း ရခိုင့်ဦး‌ဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်း ဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “ဒီမိုကရေစီကတော့ အားလုံး ပြောပြောနေကြတာပဲဗျ၊ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက် လို့ ကိစ္စကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ရမှာ မြန်မာ့နိုင်ငံရေး ပြဿနာသည် ကျနော်တို့ဘက်က သုံးသပ်တာက အခြေခံဥပဒေဆိုင်ရာ ပြဿနာ၊ အခြေခံဥပဒေဆိုင်ရာ ပြဿနာကို နောက်ကို ဆုတ်ပြီးမှ သေသေချာချာ စဉ်းစား ကြည့်ရင် တိုင်းရင်းသားများရဲ့ Identity (ကိုယ်ပိုင်လက္ခဏာ) များနဲ့ ပတ်သက်တယ်၊ မြန်မာနိုင်ငံကြီးမှာ တိုင်းရင်း သား ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မတူညီမှု ပေါင်စုံနဲ့ ပွင်းပွင်းလင်းလင်းပြောရရင် အတင်းကို ဆွဲစိပြီးမှ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလို ဖြစ်နေတယ်၊ အိန္ဒိယပုံစံနဲ့ သွားကြမှာလား၊ ဘယ်လို သွားကြမှာလဲဆိုတဲ့ ကဏ္ဍ ကို တွေးရင် မြန်မာနိုင်ငံကို စဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့ ခေါင်းဆောင်များရဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ ပေါ်လစီကို ပြန်ပြီး သတိရဖို့လိုတယ်၊ အဲဒီလို ဆိုရင် ဖက်ဒရယ်နဲ့ပဲ သွားရမယ်၊ ဖက်ဒရယ်ဆိုတဲ့ နောက်မှာကိုက တန်းတူမှုကို မျှမျှ တတ အုပ်ချုပ်မယ်၊ အကျိုးခံစားမယ်ဆိုတဲ့ ဖက်နဲ့ သွားရမယ်၊ ဒီမိုကရေစီကတော့ အားလုံးကြိုက်တဲ့ အခင်း အကျင်းဖြစ်တဲ့ အခါမှာ ဖက်ဒရယ်နောက်မှာမှ ဒီမိုကရေစီရှိသင့်တာပေါ့” ဟု ပြောသည်။

ဒီမိုကရေစီ တောင်းဆိုကြစဉ်

မြန်မာနိုင်ငံကို ဒီမိုကရေစီ ဘယ်လောက်ပေးပေး၊ ဖက်ဒရယ်မပေးပါက လက်ရှိ နိုင်ငံရေး အခင်းအကျင်းက မလွတ်မြောက်နိုင်ကြောင်း ၎င်းက ပြောသည်။

ဒီမိုကရေစီကို အရင်ရအောင် ကြိုးပမ်းပြီးမှ တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ်အခွင့်အရေးအား ရယူ ရန် ကတိကဝတ် ပြုထားကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

ဦးသန်းစိုးနိုင်က “ပြောရရင် နှစ်ခုလုံး အရေးကြီးတာပါပဲ၊ ဆိုတာက တွဲနေတဲ့ ကိစ္စပေါ့ဗျာ၊ ဆိုလိုတာက ဒီမိုကရေစီ မရရင် ဖက်ဒရယ်မရနိုင်ဘူး။ ဖက်ဒရယ်မရရင် ဒီမိုကရေစီကလည်း တည်ငြိမ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နှစ်ခု လုံးကို တွဲပြီးပြောနေရတဲ့ အခြေအနေ ဖြစ်ပါတယ်၊ အဲဒီတော့ ဒီဦးစားပေးမှု အနေနဲ့တော့ စစ်ကောင်စီ ပြုတ်ကျ ပြီးမှ ဒီမိုကရေစီ အရင်ရအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်၊ တစ်ဆက်တည်းမှာ တစ်ချိန်တည်းမှာ ဖက်ဒရယ်အရေး အတွက် တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အခွင့်အရေးတွေကို ဒီမိုကရေစီ အင်အားစုတွေကလည်း အပြည့်အစုံ ဖြည့်စည်းဖို့ ကတိကဝတ်တွေ ပြုခဲ့ကြပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

ဖက်ဒရယ်နှင့် ဒီမိုကရေစီသည် ဒင်္ဂါးပြားကဲ့သို့ ခေါင်းနှင့် ပန်းဖြစ်ကြောင်း၊ အတူတွဲလုပ်ဆောင်မှ အောင်မြင်မည် ဖြစ်ကြောင်း ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးခွန်းဆိုင်က “ကျနော်တို့ရဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်က ဘာလဲဆိုတော့ ဒီမိုကရေစီ ပထမလား၊ ဖက်ဒရယ် ပထမ လားဆိုတဲ့ ဒီ ပ‌‌ဟေဠိက အရင်ကတည်းက ရှိခဲ့တာကို၊ ရှိခဲ့တော့ အရင်တုန်းကလည်း သူတို့ဖြေရှင်းပြီးပြီပဲ၊ အဲဒီလို ကျနော်တွေ့ရတဲ့ ဆောင်းပါးထဲမှာလေ၊ အဲဒီလိုပြောတယ်၊ ဒီမိုကရေစီရေးနဲ့ဖက်ဒရယ်ရေးဟာ ခေါင်းနဲ့ပန်း ဖြစ် တယ်၊ ဒင်္ဂါးပြား တစ်ပြားရဲ့ ခေါင်းနဲ့ပန်းဖြစ်တယ်၊ ပြီးတော့ ဒီနှစ်ခုက တွဲပြီးတော့ လုပ်ရမယ်၊ ခေါင်းကလည်း ပိုကြီးတာ မဟုတ်ဘူး။ ပန်းကလည်း ပိုကြီးတာ မဟုတ်ဘူး။ တွဲပြီးတော့ လုပ်ရမယ်၊ တွဲပြီးတော့ လုပ်နိုင်လို့ရှိရင် အောင်မယ်ပေါ့၊ အဲဒီလိုမျိုး သူတို့ရေးထားတယ်၊ ဒီဟာက အင်မတန်စဉ်းစားဖို့ ကောင်းတဲ့ ကိစ္စပေါ့နော်” ဟု ပြော သည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံလုပ်နေကြစဉ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု သဘောတူ ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေပြီး အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးများ ဆွေးနွေးလျက်ရှိသည်။

ထို့အတူ ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြား တစ်ဖက် မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့ကလည်း ပြည်နယ်သစ်များ ဖွဲ့စည်း‌‌‌ပေးရန် တောင်းဆိုမှု များ ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။