CNI News

၂၀၂၃ ခုနှစ်၊ မေလ ၉

အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံး ကိုယ်စားလှယ်များ၏ ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ကိုယ်စားလှယ်များနှင့် ဒုက္ခသည်များ မတွေ့ဆုံရန် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

သံရုံးကိုယ်စားလှယ်များ၏ ရည်မှန်းချက်ကို မရောက်ရေး တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် မည်ကဲ့သို့ ဖြစ်လာမည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဘာမှတော့ လောလောဆယ်ဆယ် မဖြစ်နိုင်ပါဘူး။ ဒီတိုက်ခိုက်မှုက ခရီးစဉ် လမ်း ကြောင်းကို ဟန့်တားတာဖြစ်ပြီးတော့ သံတမန်တွေနဲ့ ဒုက္ခသည်တွေကို လူကိုယ်တိုင် မတွေ့အောင် တားလိုက်တဲ့ သဘောပါပဲ၊ ပစ္စည်းကတော့ ရောက်သွားပြီ ပေးလည်း ပေးပြီးသွားပြီ လူတွေ မရောက်အောင် ဟန့်တားတဲ့ သဘောဖြစ်တော့ သံတမန်တွေ ဖက်ကတော့ ကျနော်ထင်တာ အာဆီယံအထူးကိုယ်စားလှယ်ပေါ့ ဗမာပြည် ဆိုင် ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးကနေ တဆင့်ပဲ ဒီလို ဆက်သွယ် လုပ်မယ်ထင်တယ်။ ကြည့်ရတာ ဒါကြောင့် ဘယ်လိုလာမလဲတော့ မသိသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

PNO တပ်ဖွဲ့ကို တွေ့ရစဉ် 

အင်ဒိုနီးရှားနှင့် စင်ကာပူ သံရုံးကိုယ်စားလှယ်များ လိုက်ပါလာသည့် ယာဉ်တန်းမှာ မေလ ၇ ရက်နေ့က ရှမ်းပြည် နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ ပစ်ခတ်ခံခဲ့ရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “ဒီလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို တားဆီးနေတာကတော့ စစ်ကောင်စီ ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူ့ရဲ့ နောက်လိုက် နောက်ပါ ပြည်သူ့စစ်တွေ များသောအားဖြင့် လုပ်လေ့ လုပ်ထရှိတဲ့ ကိစ္စပါ၊ နောက်ပြီးတော့ အခုက စစ်ဆင်ရေး တစ်ခုလို တိုက်ခိုက်တာ မဟုတ်ပါဘူး။ ခြောက်လှန့်ရုံပဲ လုပ်လိုက်တဲ့ တိုက်ပွဲပုံစံပါ၊ ဒါကြောင့်မို့ အခြေအနေကို ခြုံငုံသုံးသပ်လိုက်ရင် ဒီလှုပ်ရှားမှုကို လုပ်တာဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO ကနေပြီးတော့ လုပ်တာလို့ ကျနော်တော့ အခြေ အနေ တစ်ခုလုံးကို ခြုံငုံပြီး သုံးသပ်ပါတယ်” ဟု ပြောသည်။

PNO အနေဖြင့် ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း မရှိပဲ PNLO တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခြင်းဖြစ်ကြောင်း PNO မှ ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအဖွဲ့ကို တွေ့ရစဉ်

ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက “အဲဒါ ကျနော်သိတာကတော့ အဲဒီယာဉ်တန်းကို ကျော်တင်ဆိုတဲ့ ဗိုလ်မှူး ဥက္ကာတို့၊ သူရိန်တို့၊ မြင့်ထွန်းတို့ တပြည့် ကျော်တင်အပါ ကားနဲ့သူတို့ ချောင်းမြောင်းပစ်တာပဲ ပြီးရင် သူတို့ ကျနော်တို့ PNO နယ်မှာ သူတို့ကနေ ထွက်တော့ ကျနော်တို့ ‌ဒေသခံတွေ ပူးပေါင်းပြီးတော့ သတင်းပေးတော့ နောင်ထောင်မှာ တပ် က ဖမ်းမိတယ်ဗျ၊ အဲဒီလိုပဲ သိရတယ်ဗျ၊ ပါလာတဲ့ ခရီးသည်တွေ ဘာတွေ ဘာညာတော့ ကျနော်တို့ မသိဘူး၊ ကျ‌နော်တို့လည်း ပင်လောင်းနယ်ဘက် ရောက်နေတာ ကျနော်တို့ အကုန်မသိဘူးဗျ” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း လူထိခိုက်မှု မရှိဘဲ ယာဉ်တစ်စီး လက်နက်ကျည် ထိမှန်ခဲ့ကြောင်း၊ သံတမန်များ လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရသည့် ဖြစ်ရပ်ကို စင်ကာပူအစိုးရက ကန့်ကွက် ရှုတ်ချထားသည်။