CNI International News

ကရာချီ၊ စက်တင်ဘာ ၁၈

အာဖဂန် တာလီဘန်များသည် တရုတ်နှင့် သတ္တုတွင်း တူးဖော်သည့် သဘောတူညီချက် အသစ်များမှတဆင့် နိုင်ငံ့စီးပွားရေးကို တည်ငြိမ်စေရန်နှင့် ၎င်းတို့အဖွဲ့၏ ရပ်တည်ချက်အား တိုးမြှင့်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

နိုင်ငံတကာ၏ ပိတ်ဆို့မှုများ၊ စီးပွားရေးမျှော်လင့်ချက်များ ယိမ်းယိုင်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသော တာလီဘန် အစိုးရအဖွဲ့သည် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့တွင် ရွှေ၊ သံ၊ ခဲနှင့် ဇင့်များ တူးဖော်ရေးအတွက် ဒေါ်လာ ၆ ဒသမ ၅ ဘီလျံတန်ဖိုးရှိ သဘောတူညီချက် ၇ ခုကို ပြီးခဲ့သည့်လကုန်က ကြေညာခဲ့သည်။

ထိုကန်ထရိုက်များကို အာဖဂန်ကုမ္ပဏီများနှင့် ပြည်ပ မိတ်ဖက်များအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု တာလီဘန် အဖွဲ့၏ သတ္တုတွင်းနှင့် ရေနံဝန်ကြီး ရှာဟာဘူဒင် ဒီလာဝါ(Shahabuddin Delawar) က ပြောကြားခဲ့သည်။ 

ကန်ထရိုက်ပေးခဲ့သည့် အာဖဂန်ကုမ္ပဏီများ၏ အမည်နှင့် မိတ်ဖက်လုပ်ဆောင်မှု သို့မဟုတ် အချိန်ကာလ သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဒီလာဝါက အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သတ္တုတွင်းနှင့် ရေနံဝန်ကြီး ရှာဟာဘူဒင် ဒီလာဝါကို တွေ့ရစဉ်

တရုတ်နှင့် အခြားနိုင်ငံများသည် ကြီးမားသည့် လုံခြုံရေးအန္တရာယ်များ ရှိနေသည့်တိုင် အာဖဂန်နစ္စတန်၏ သယံဇာတများအပေါ် စိတ်ဝင်စားမှုများ မြင့်တက်နေသော အခြေအနေကို ထိုကန်ထရိုက်များက ဖော်ပြရာ ရောက်နေသည်။

စက်တင်ဘာ ၁၃ ရက်က တရုတ်သည် အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်သစ် ကျိုးရှင်း (Zhao Sheng) ကို ကဘူး (Kabul) မြို့တော်သို့ စေလွှတ်ခဲ့သည်။

ထို့နောက် ကျိုးရှင်းသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာကို ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန်သို့ လာရောက် သည့် ပထမဆုံး သံအမတ် ဖြစ်ခဲ့သည်။ 

တာလီဘန်အဖွဲ့သည် အာဖဂန်၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ အာဏာအား တည်မြဲစေရန်အတွက် မဟာဗျူဟာများကို အလေးထား ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်သစ် ကျိုးရှင်းကို တွေ့ရစဉ်

ထို့နောက် တရုတ်နှင့် သယံဇာတတူးဖော်ရေး သဘောတူညီချက်များကို ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ သတ္တုတွင်း တူးဖော်ရေး ကန်ထရိုက်များအား ကြေညာခဲ့ခြင်း ဖြစ်သည်။

အာဖဂန်တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီး နောက် အနောက်နိုင်ငံများသည် အာဖဂန်ကို ကူညီထောက်ပံ့မှုများ ရပ်နားခဲ့သဖြင့် တာလီဘန်အဖွဲ့သည် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

နောက်ဆုံး ကြေညာခဲ့သည့် ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ တန်ကြေးရှိ သတ္တုတွင်း တူးဖော်ရေး သဘောတူညီချက် များသည် အာဖဂန်၏ ဂျီဒီပီ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသော ငွေကြေးပမာဏ ဖြစ်သည်။

Source: Nikkei Asia