CNI International News

ဆိုးလ်၊ မေလ ၈

ဂျပန်ကိုလိုနီကာလအတွင်း အတင်းအကြပ်အလုပ်ခိုင်းစေခြင်းခံခဲ့ရသည့် ကိုရီးယားပြည်သူများအား စာနာ ထောက်ထားမိကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်ကဲ့သို့ ဘုံစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် သမိုင်းဆိုင်ရာ မကျေလည် မှုများကို ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးလုပ်ဆောင်ရန် တနင်္ဂနွေနေ့ တောင်ကိုရီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

ကိုရီယားကျွန်းဆွယ်အား ၁၉၁၀ မှ ၄၅ အထိ ဂျပန်၏ကိုလိုနီပြုလုပ်ခဲ့ခြင်းအပေါ် လက်ရှိအချိန်အထိ နာကျည်းမှု များရှိနေဆဲဖြစ်သောကြောင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) ၏ ပြောစကားကို တောင်ကိုရီးယားတွင် စောင့်ကြည့်ခဲ့ကြသည်။

ဂျပန်နှင့်ပတ်သက်ရာတွင် သင့်တော်သော တုန့်ပြန်မှုမရရှိပါဘဲ အလျော့ပေးမှုများစွာ လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ တောင်ကိုရီးယား ဝန်ကြီးချုပ် ယွန်ဆော့ရွဲ (Yoon Suk Yeo) သည် ပြည်တွင်းတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ကီရှီဒါ၏ ပြောဆိုမှုတွင် တိုက်ရိုက်တောင်းပန်သည့် ပုံစံမျိုးမဖြစ်စေရန် သတိထားပြောဆို ခဲ့သည်ကို တွေ့ခဲ့ရပြီး ၎င်းအနေဖြင့် ကိုရီးယားမှ နာကျင်ခံစားခဲ့ရသူများကို စာနာနားလည်ကြောင်းပြောကာ နှစ်နိုင်ငံကြားဆက်ဆံရေးမြှင့်တင်ရန် အရှိန်ကိုထိန်းသိမ်းရန် တစ်စုံတစ်ခုပြောရေး ဖိအားကို ခံစားရသည်ဟု ပြောခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ တို့၏ ခရီးစဉ်အတွင်း ထိုသူတို့၏ ပုံများကိုင်ဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

ထိုစဉ်အချိန်တုန်းက ဆိုးရွားသောပတ်ဝန်းကျင်တွင် လူပေါင်းများစွာ ဆိုးကျိုးခံစားခဲ့ရသည်ကို စဉ်းစားမိသည်နှင့် နှလုံးသားတွင် ပြင်းထန်စွာ နာကျင်မိသည်ဟု ကီရှီဒါ က ယွန်နှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ယင်းသည် ဂျပန်ကိုလိုနီကာလကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် တောင်ကိုရီးယားနှင့် ခိုင်မာသောဆက်ဆံရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေးအတွက် တာဝန်ရှိသည်ဟု ခံယူ ထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။ ကီရှီဒါသည် နှစ်ရက်ကြာခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့ အစောပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယင်းမတိုင်ခင် မတ်လလယ်ပိုင်းတွင် ယွန်က ဂျပန်သို့သွားရောက်ခဲ့ သည်။ ယင်းက ၁၂ နှစ်တာကာလအတွင်း အိမ်နီးချင်းနှစ်နိုင်ငံခေါင်းဆောင်ကြား ပထမဆုံးအပြန်အလှန် သွားရောက်လည်ပတ်မှုလည်းဖြစ်သည်။

ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်သည် ကိုလိုနီခေတ်တွင် ကိုရီးယားအလုပ်သမားများကို အတင်းအကြပ် ခိုင်းစေခဲ့မှုဖြင့် လျော်ကြေးပေးရန် ဂျပန်ကုမ္ပဏီနှစ်ခုအပေါ် တောင်ကိုရီးယား၏ ၂၀၁၈ ခုနှစ် တရားရုံးဆုံး ဖြတ်ချက်နှင့် ပတ်သက်ပြီး ဖြေရှင်းရန် အဓိကရည်ရွယ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ဇနီးဖြစ်သူ ယူကိုတို့သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသား သုသာန်သို့ အလည်အပတ်ရောက်ရှိစဉ်(ဓါတ်ပုံ-အေပီ)

ဂျပန်ဘက်က လျော်ကြေးပေးရန်ငြင်းဆိုခဲ့ကာ ထိုကိစ္စများကို နှစ်နိုင်ငံဆက်ဆံရေးပြန်လည်စတင်ခဲ့သည့် ၁၉၆၅ ခုနှစ်ကတည်းက ဖြေရှင်းခဲ့ပြီဖြစ်သည်ဟု ပြောသည်။ ထိုသို့သော မကျေလည်မှုများက နှစ်နိုင်ငံကြား ကုန်သွယ်မှု ကို သိသိသာသာကျဆင်းသွားစေခဲ့ပြီး တောင်ကိုရီးယား၏ လစ်ဘရယ်အစိုးရဟောင်းလက်ထက်တွင် ဂျပန်နှင့် ထောက်လှမ်းရေးအချက်အလက်များ ဝေမျှရေး သဘောတူညီချက်ကို ရပ်တန့်ရန်ပင် ခြိမ်းခြောက်ခဲ့သည်။

ထိုသို့နှစ်နိုင်ငံကြား ဆက်ဆံရေးဆိုးရွားမှုက မြင့်တက်လာသော တရုတ်၏ လွှမ်းမိုးမှုနှင့် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းတို့ကို တုန့်ပြန်ရေးနှင့် ပိုမို ခိုင်မာသောဒေသတွင်း မဟာမိတ်ရရှိရန် အမေရိကန်၏ ကြိုးပမ်းမှုကို ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။

မတ်လတွင် ယွန်၏အစိုးရက နှစ်နိုင်ငံကြားမကျေလည်မှုများကို ကျော်လွှားနိုင်ရေးအတွက် လျော်ကြေးပေးရန် ကိစ္စကို ဂျပန်ဘက်ထံ မတောင်းဆိုဘဲ ပြည်တွင်းရံပုံငွေကို အသုံးပြုသွားမည်ဟု ကြေညာခဲ့သည်။ ယင်းကို အတင်း အကြပ်ခိုင်းစေခြင်းခံခဲ့ရသူများ၊ ၎င်းတို့၏မိသားစုဝင်များအပြင် အတိုက်အခံ လစ်ဘရယ်ပါတီဝင်များက ပြင်းပြင်း ထန်ထန်ရှုတ်ချခဲ့ကြပြီး ဂျပန်ကုမ္ပဏီများကို တိုက်ရိုက်အလျော်တောင်းရန် တောင်းဆိုခဲ့ကြသည်။

Source:AP