CNI International News

ဂျကာတာ၊ မေလ ၈

ပိုမိုဆိုးရွားလာသည့် မြန်မာနိုင်ငံရေးပဋိပက္ခသည် ယခုသီတင်းပတ် အင်ဒိုနီးရှားတွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကို လွှမ်းမိုးထားမည်ဟု ယူဆရကြောင်း Bangkok Post က ဖော်ပြထားသည်။
မြင့်တက်လာသော သွေးထုတ်သံယိုမှုများကို အဆုံးသတ်ရန် တောင်းဆိုမှုများ အသစ်တစ်ဖန် ပြန်လည် ပေါ်ပေါက်လာချိန်တွင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ နိုင်ငံရေးပဋိပက္ခတစ်ခု ပေါ်ပေါက်ခဲ့သည်။

ထိရောက် အသုံးဝင်မှုမရှိဟု ဝေဖန်ခံနေရသော အာဆီယံအဖွဲ့သည် သွေးထွက်သံယိုမှုများ ရပ်တန့်ရေး စေ့စပ်ဆွေးနွေးမှုဆိုင်ရာ ကြိုးပမ်းမှုများ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် နှစ်နှစ်တွင် မြန်မာအစိုးရနှင့် အချက် ၅ ချက်ပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်

သို့သော် နစကဘက်က နိုင်ငံတကာ၏ ဝေဖန်မှုကို လျစ်လျူရှုခြင်း၊ အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆို ထားခြင်းတို့ကြောင့် ထိုသို့သော ကြိုးစားမှုများမှာ နှောင့်နှေးလျက်ရှိသည်။

အင်ဒိုနီရှား၏ ဖလောရက်စ် (Flores) ကျွန်းတွင် မေလ ၉-၁၁ ရက်တွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ ညီလာခံ၌ မြန်မာအရေးကိစ္စသည် အဓိကအကြောင်းအရာ ဖြစ်လာလိမ့်မည်ဟု သံတမန်များက ပြောသည်။

အာဆီယံအဖွဲ့သည် ညီလာခံကျင်းပပြီးနောက် ထုတ်ပြန်မည့် ကြေညာချက်တွင် လေကြောင်း တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထပ်မံပစ်တင် ရှုတ်ချခဲ့ကာ၊ သွေးထွက်သံယိုမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်ဟု AFP သတင်းမှ မြင်တွေ့ခဲ့ရသည့် မူကြမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ယင်းက မြန်မာနိုင်ငံအတွက် သင့်တော်သော ငြိမ်းချမ်းရေး အဖြေရှာဖွေရေး အားလုံး ပါဝင်သော အမျိုးသား ဆွေးနွေးပွဲ တစ်ခုအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခုကို ပေါ်ပေါက်စေမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် မူကြမ်းတွင် ရေးသားထားသည်ဟု သိရသည်။

အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုကိုတွေ့ရစဉ် 

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲ ဖြစ်သော်လည်း နစက၏ ငြိမ်းချမ်းရေး စီမံကိန်းကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုကြောင့် ထိပ်သီး အစည်းအဝေးများမှ ကန့်သတ်ခံထားရသည်။

မြန်မာအရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံသည် ပဋိပက္ခတွင် ပါဝင်သော ဘက်ပေါင်းစုံနှင့် ဆွေးနွေးရန်၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအသစ်များ ဖြစ်ပေါ်လာစေရန် တိတ်တဆိတ် သံတမန်ရေးကို အသုံးပြုနေသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi)က သောကြာနေ့တွင် ပြောခဲ့သည်။

သို့သော် ပိုမိုဆိုးရွားလာသော အခြေအနေများသည် အာဆီယံအဖွဲ့အတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ မာမတီ နာတာလီဂါဝါ (Marty Natalegawa) က ပြောသည်။

Source: ဘန်ကောက်ပို့စ်