CNI International News

အစ္စလာမ်မာဘက်၊ ဧပြီ ၈

ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသားများကို လုံခြုံရေးစီမံချက်များအား လိုက်နာရန် တောင်းဆိုချိန်တွင် ၎င်းတို့က စိတ်တိုဒေါသဖြစ်ကြကြောင်း ပန်ဂျပ် (Punjab)ပြည်နယ်ဝန်ကြီးချုပ် မာရမ်နာဝက်ဇ် (Maryam Nawaz) က ပြောကြားခဲ့ကြောင်း WION သတင်းတွင် ဖော်ပြထားသည်။

ခိုင်ဘာပက်တွန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်တွင် အသေခံ ဗုံးခွဲမှုတစ်ခုအတွင်း တရုတ်အင်ဂျင်နီယာ ၅ ဦးနှင့်ပါကစ္စတန် ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် မာရမ်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် သက်တမ်းသုံးကြိမ် တာဝန်ထမ်းဆောင်ခဲ့သည့် နာဝက်ဇ်ရှာရစ် (Nawaz Sharif) ၏ သမီးဖြစ်သည့် အပြင် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ရရှိသည့် ပထမဆုံးအမျိုးသမီးဖြစ်လာသော မာရမ်က ၎င်း၏ပထမဆုံး Apex ကော်မတီ အစည်းအဝေးအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်နဲ့ မာရမ်နာဝက်ဇ်ကို တွေ့ရစဉ်

နိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများသည် လုံခြုံရေးစီမံချက်များကို လိုက်နာရန် တွန့်ဆုတ်နေကြသည်ဟု ၎င်းက ပြောသည်။

“သူတို့တွေကို လုံခြုံရေးစီမံချက်တွေ လိုက်နာဖို့ တောင်းဆိုတဲ့အချက်မှာ မကျေမနပ် ဖြစ်နေကြပါတယ်။ သူတို့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေတဲ့အတွက် ဘယ်လိုစည်းမျဉ်းတွေအောက်မှာမှ မနေချင်ကြဘူး” ဟု မာရမ် က ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ လာဟိုး (Lahore) တပ်မဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဆေးရတ်အေမာရာဇာ(Syed Aamer Raza) နှင့် အခြားထိပ်သီး စစ်ဘက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၎င်း၏ အစိုးရအနေဖြင့် ပန်ဂျပ်ရှိ တရုတ်အလုပ်သမားများအတွက် ခိုင်မာသောလုံခြုံရေးကို ထောက်ပံ့ပေးသွား မည်ဟု မာရမ်က အာမခံခဲ့သည်။

 အဓိကရုဏ်းဖြစ်ပွားနေစဉ်

ထိုအစည်းအဝေးတွင် ဘီရှမ် ( Bisham) ၌ တရုတ်အင်ဂျင်နီယာများ သေဆုံးမှုနှင့်ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့ သည်။

လွန်ခဲ့သည့် သီတင်းပတ်က ဘီရှမ်တွင် တရုတ်အင်ဂျင်နီယာ ၅ ဦးနှင့် ၎င်းတို့၏ ပါကစ္စတန်ယာဉ်မောင်းတို့သည် အစ္စလာမာဘတ် (Islamabad) မြို့တော်မှ ခိုင်ဘာပက်တွန်ခါဝါပြည်နယ်၊ ဒါဆုမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ရေကာတာတစ်ခုသို့ သွားရောက်ချိန်တွင် အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည်။

"အကြမ်းဖက်သမားတွေဟာ ဒီဂျစ်တယ် အသွင်ပြောင်းလာခဲ့ပြီး ဒီလိုပလက်ဖောင်းတွေမှာ သူတို့ရဲ့အရှေ့ကို ကြိုရောက်နေဖို့ လိုအပ်ပါတယ်။ ဒါပြင် အကြမ်းဖက်သမားတွေမှာ နောက်ဆုံးပေါ် လက်နက်နဲ့ နည်းပညာတွေ ရှိပါတယ်။ သူတို့ဆီမှာ အာဖဂန်နစ္စတန်နိုင်ငံကနေ ရလာတဲ့ အမေရိကန်လက်နက်တွေ ရှိပါတယ်။ အာဖဂန် နစ္စတန်ကနေ ရလာတဲ့ ဒီလက်နက်တွေဟာ ဥပဒေပြုရေး အေဂျင်စီတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်"ဟု မာရမ်က ပြောကြားခဲ့သည်။

Source: WION