CNI International News

လူဇင်ဘတ်၊ ဧပြီ ၂၅

တရုတ်အစိုးရသည် ဆိုဗီယက်နိုင်ငံဟောင်းများအား အချုပ်အခြာပိုင် နိုင်ငံများအဖြစ် လေးစားမှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာနက တနင်္လာနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြ ထားသည်။

ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံတမန်၏ ပြောစကားတစ်ခုကြောင့် ဥရောပနိုင်ငံများမှ ဝေဖန်မှုများ ရှိလာချိန်တွင် တရုတ်နိုင်ငံခြားရေးဌာနက ယခုကဲ့သို့ ထုတ်ဖော်ရှ င်းလင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်သံတမန် လူရှေး (Lu Shaye) က ယူကရိန်းနှင့် တခြားသော ဆိုဗီယက်နိုင်ငံဟောင်းများ၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည်။

ထို ပြောစကားနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး တချို့က ယင်းကို လက်မခံနိုင်ကြောင်း ပြောကာ တရုတ်အစိုးရအား ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ရှင်းလင်းရန် တောင်းဆိုခဲ့သည်။

လူ၏ ပြောစကားက တရုတ်နိုင်ငံ၏ တရားဝင် ရပ်တည်ချက်အပေါ် ကိုယ်စားပြုခြင်း ရှိ/မရှိ နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning)က အစိုးရအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် နိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားမှုရှိ သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လူရှေးကိုတွေ့ရစဉ်

ထိုစကားသည် တရုတ်အစိုးရ၏ ရပ်တည်ချက် ဖြစ်ကြောင်းလည်း သူမက ပြောသည်။

သံအမတ်၏ ပြောစကားနှင့် ပတ်သက်၍ ပဲရစ်ရှိ တရုတ်သံရုံးကလည်း တနင်္လာနေ့ နှောင်းပိုင်းတွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းနှင့် ပတ်သက်သည့် လူ၏ ပြောစကားသည် နိုင်ငံရေးကြေညာချက် မဟုတ် ကြောင်း၊ သူ၏ ကိုယ်ပိုင် အမြင်သာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

သို့သော် ဝေဖန်မှုများ ပေါ်ပေါက်လာချိန်မှ ထွက်ပေါ်လာသော ထုတ်ပြန်ချက် နှစ်ခုစလုံးသည် အီးယူနှင့် တင်းမာမှု များ လျှော့ချရန် ကြိုးပမ်းမှု ဖြစ်နိုင်သည်။

တရုတ်အစိုးရ၏ ထုတ်ပြန် ရှင်းလင်းချက်ကို မှတ်သားထားကြောင်း၊ တာဝန်ရှိသူများက လူနှင့် တနင်္လာနေ့တွင် တွေ့ဆုံကာ ၎င်း၏ပြောစကားသည် လက်ခံနိုင်စရာ မရှိကြောင်း၊ တရုတ်အစိုးရ၏ တရားဝင် ရပ်တည်မှုနှင့်အညီ ပြောဆိုရန် ၎င်းကို တိုက်တွန်းခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရ မောင်းနင်ကိုတွေ့ရစဉ်

ဝေဖန်ခံနေရသည့် စကားကို ပြောခဲ့သော လူသည် ၎င်း၏ တင်းမာသော သဘောထား ရပ်တည်ချက်ကြောင့် တရုတ်၏ wolf warrior သံတမန်များမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ခရိုင်းမီးယားသည် ယူကရိန်းပိုင် ဟုတ်/မဟုတ်နှင့် ပတ်သက်သည့် ၎င်း၏ အမြင်ကို မေးမြန်းခဲ့ရာတွင် လူက ခရိုင်းမီးယားသည် သမိုင်းကြောင်းအရ ရုရှား၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ယင်းကို ဆိုဗီယက် ခေါင်းဆောင် ဟောင်း နီကီတာ ခရုရှက်ဗ် (Nikita Khrushchev)က ယူကရိန်းသို့ ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။

ပြင်သစ် ရုပ်သံမှ ထုတ်လွှင့်ခဲ့သော အင်တာဗျူး အစီအစဉ်တွင် လူက အချုပ်အခြာပိုင် နိုင်ငံများအဖြစ် သတ်မှတ် သည့် တရားဝင် နိုင်ငံတကာ သဘောတူညီချက် မရှိခြင်းကြောင့် ဆိုဗီယက်နိုင်ငံဟောင်းများသည် နိုင်ငံတကာ ဥပဒေအရ အချုပ်အခြာပိုင် နိုင်ငံဆိုသည့် အခြေအနေကို ပိုင်ဆိုင်ထားခြင်း မရှိဟု ပြန်လည် ဖြေကြားခဲ့သည်။

Source: Reuters