CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅

လက်ရှိ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ် (LDF) ဟူကာ ကွဲပြား နေသည့် လက်နက်ကိုင်ထားသော အဖွဲ့အစည်းများကို မည်ကဲ့သို့ ထိန်းညှိသင့်လဲ နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးငြင်းခုံလျက်ရှိနေသည်။

ကွဲပြားမှုများအား စုစည်းပြီး တစ်သွေးတစ်သံတစ်မိန့် ကျင့်သုံးနိုင်သည့် ဖက်ဒရယ်တပ်မတော် တစ်ရပ်ကို ထူထောင်နိုင်ရန် ကြိုးစားရမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာန သို့ ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ ခုချိန်ကာလမှာ အလုံးစုံ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ မတူကွဲပြားမှု၊ ခြားနားမှုတွေ ရှိပေမဲ့ ဒီနေ့ အချိန်အခါမှာ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ဆို တာ သဘောပေါက် နားလည်ပြီးတော့ NUG နဲ့ ပူးပေါင်းပြီးမှ အလုပ်လုပ်ကိုင်နိုင်ဖို့ ကျနော်တို့ကတော့ အဓိက တိုက်တွန်းပါတယ်၊ အဲဒီမှာ NUG အနေနဲ့လည်း ဒီနွေဦးတော်လှန်ရေး တစ်ခုလုံးရဲ့ ခေါင်းဆောင် အင်အားစုကြီး အဖြစ် အသိအမှတ်ပြုခံရမှု မကြိုးစားဘဲနဲ့ ညီညွတ်ရေးကို တည်ဆောက်ကြဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။ ဒီအချိန်မှာ အဓိကအားဖြင့် စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့ စုစည်းနိုင်တဲ့ နေရာကနေ ကျယ်ကျယ်ပြန့်ပြန့် စုစည်းပြီးတော့ တစ်သွေးတစ်သံတစ်မိန့် ကျင့်သုံးနိုင်တဲ့ ဖက်ဒရယ်အာမီတစ်ရပ်ကို ထူထောင် နိုင်အောင် ကြိုးစားရမယ့် ကိစ္စဖြစ်ပါတယ်၊ အဲဒီ အခြေအနေအတွင်းမှာ မိမိတို့ အချင်းချင်းကြားမှာ ဖြစ်တဲ့ နား မလည်မှုတွေ၊ သဘောမပေါက်မှုတွေ၊ သဘောထား မတူညီမှုတွေကို ကျနော်တို့ တတ်နိုင်သမျှ ကျော်လွှားပြီးတော့ စစ်ကောင်စီရဲ့ လုံခြုံရေး အင်အားစုတွေကို ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ တစ်စည်းတစ်လုံးနဲ့ အင်အားစု ပြော ချင် တာကတော့ စစ်ရေးအရ ပြောလို့ရှိရင်တော့ အမိန့်ပေးစနစ် တစ်ခုအောက်မှာ အားလုံးပါဝင်ပြီးတော့ တိုက် ခိုက် သွားကြဖို့ လိုတယ်လို့ ကျနော်တို့ကတော့ အလေးအနက် မေတ္တာခံ တင်ပြလိုပါတယ်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ခံ PDF များနှင့် Local PDF များ အကြားမှာ ဖမ်းဆီးမှုများ၊ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

NUG အနေဖြင့် PDF များကို စုစည်းနိုင်ရေး လုပ်ဆောင်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ကို တွေ့ရစဉ်

၎င်းက “စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ လူတွေအားလုံး စုစည်းပြီးတော့ တတ်နိုင်သမျှ သဘောထား ကြီးကြီးနဲ့ ပါဝင်တဲ့ အဖွဲ့တွေအားလုံး နိုင်ငံရေးအရ၊ စစ်ရေးအရ တတ်နိုင်တဲ့ဘက်က ကူညီပြီးတော့ ပညာပေးတာတွေလည်း လုပ်သင့်တာပဲလေ၊ ဘယ်လိုလုပ်ပါ၊ ဟိုလို လုပ်ပါလို့တော့ ဘယ် ကျမပြောလို့ ကောင်းပါ့မလဲဗျ” ဟု ပြောသည်။

ဘုံရည်မှန်းချက် တူညီသော လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ပြည်သူလူထုများ ထိခိုက်နစ်နာနိုင်ကြောင်း နိုင်ငံ‌ရေးသုံးသပ်သူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ် (LDF) များ ပေါ်‌ပေါက်လာခဲ့သည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိန်းကြောင်းမှုနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့လို အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာခဲ့သည်။