CNI International News

နယူးယောက်၊ ဧပြီ ၄

အပြာမင်းသမီးတစ်ဦးကို နှုတ်ပိတ်ရန် ငွေပေးခဲ့ခြင်း အပါအဝင် စွဲချက်များကို ရင်ဆိုင်ရန်အတွက် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် တနင်္လာနေ့တွင် ကိုယ်ပိုင်လေယာဉ်ဖြင့် နယူးယောက် မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

ထရမ့်သည် အင်္ဂါနေ့တွင် မန်ဟက်တန်ခရိုင် အစိုးရရှေ့နေရုံး၌ လာရောက် အဖမ်းခံကာ တရားသူကြီး ရှေ့မှောက် စစ်ဆေးမှု မလုပ်ဆောင်ခင် လက်ဗွေနှိပ်ခြင်း ပြုလုပ်မည်ဟု ယူဆရသည်။

အသက် ၇၆ နှစ်အရွယ် ထရမ့်သည် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူဖြစ် ကာ တရားစွဲခံရသည့် ပထမဆုံးသော အမေရိကန်သမ္မတလည်း ဖြစ်လာသည်။

ထရမ့်သည် ဖလော်ရီဒါနေအိမ်မှ ၃ နာရီခွဲကြာ လေယာဉ်စီးခဲ့ပြီးနောက် ကွင်းစ် (Queens)ရှိ လာဂါဒီယာ (LaGuardia) လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် လေယာဉ်ပေါ်မှ တစ်ဦးတည်း ဆင်းလာခဲ့ကာ မန်ဟက်တန်ရှိ ထရမ့်တာဝါသို့ သွားရန် ကားတစ်စီးပေါ် တက်ရောက်ခဲ့သည်။

ဒေါ်နယ်ထရမ့် နယူးယောက်ကိုရောက်လာစဉ်

အဆိုပါယာဉ် ထွက်ခွာချိန်တွင် ထရမ့်သည် ရဲတပ်ဖွဲ့များ၏ အကာအရံများနောက်မှ လူများထံ လက်ဝှေ့ယမ်း ပြခဲ့ ပြီး မီဒီယာများသို့ ပြောဆိုမှု တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ ထရမ့်တာဝါတွင်းသို့ ဝင်ရောက်ခဲ့သည်။

ထရမ့်သည် ၎င်း၏ တရားရင်ဆိုင်မှု ကိစ္စများအတွက် နာမည်ကျော် ရှေ့နေ့တစ်ဦးဖြစ်သူ တော့ဒ်ဘလန်ချီ (Todd Blanche) ကို ငှားရမ်းထားကြောင်း ထိုကိစ္စနှင့် နီးစပ်သူများက ပြောသည်။

တရားရုံးတင် စစ်ဆေးချိန်တွင် ဗွီဒီယို၊ ဓာတ်ပုံနှင့် ရေဒီယိုသတင်း ရယူမှုများ လုပ်ဆောင်ခြင်း ခွင့်မပြုရန်လည်း ထရမ့်၏ ရှေ့နေအဖွဲ့က တနင်္လာနေ့တွင် တရားသူကြီးထံ တောင်းဆိုခဲ့သည်ဟု သိရသည်။

သတင်းယူရန် ခွင့်ပြုခြင်းက လူအများ စိတ်ဝင်စားနေသည့် စစ်ဆေးမှု အခြေအနေကို ဆိုးရွားစေကာ တရားရုံး၏ ဂုဏ်သတင်းနှင့် အခြေအနေကိုပါ ထိခိုက်စေနိုင်သည်ဟု ထရမ့်၏ ဥပေဒအဖွဲ့မှ တရားသူကြီးထံ တောင်းဆိုသည့် စာတွင် ရေးသားဖော်ပြထားသည်။

ထိုတောင်းဆိုမှုကို တရားသူကြီး ဟွမ်မာချန် (Juan Merchan)က ဆုံးဖြတ်မည်ဟု ယူဆရသည်။

ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင်လေယာဉ်ကိုတွေ့ရစဉ်

မန်ဟက်တန်ခရိုင် အစိုးရရှေ့နေ အဲလ်ဗင် ဘရဂ် (Alvin Bragg)က တောင်းဆိုမှုကို လက်ခံ/မခံသည် တရား သူကြီး၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ပြောခဲ့ပြီး မာချန်သည် ပြီးခဲ့သည့်နှစ် ထရမ့်၏ အိမ်ခြံမြေကုမ္ပဏီ အမှု တွင်လည်း သတင်းမီဒီယာများကို အကန့်အသတ်ဖြင့် တက်ရောက် ခွင့်ပြုခဲ့သည့် မှတ်တမ်းလည်း ရှိခဲ့သည်ဟု ပြောသည်။

မန်ဟက်တန် တရားသူကြီးများ အဖွဲ့သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တွင် ထရမ့်သည် အပြာမင်းသမီး စတိုမီ ဒဲလ်နီယဲလ်စ် (Stormy Daniels) အား ငွေပေးခဲ့သည့် သက်သေများနှင့် ပတ်သက်၍ ယခုနှစ်အတွင်း ကြားနာမှုများ လုပ်ဆောင်ခဲ့သည်။

ထရမ့်သည် သူမနှင့် လိင်မှုရေးရာ ပတ်သက်မှုများအကြောင်း နှုတ်ပိတ်နေရန် ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့သည်ဟု မင်းသမီးက ပြောဆိုထားသော်လည်း သူမနှင့် ပတ်သက်ခဲ့ဖူးခြင်း မရှိဟု ထရမ့်က ပြောသည်။

Source: ရိုက်တာ