CNI International News

ဝါရှင်တန်၊ ဧပြီ ၂၃

ဂျိုးဘိုင်ဒန်၏ သမ္မတရာထူးသည် အမေရိကန်၏ နိုင်ငံတကာ အခင်းအကျင်းအတွက် ဆိုးရွားလှကြောင်း ဖလော်ရီဒါ ပြည်နယ် ၌ ဧပြီ ၂၁ ရက်က ကျင်းပသည့် အမွေအနှစ် ဖောင်ဒေးရှင်း အခမ်းအနားတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ သည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တို့ အလျင်အမြန် ဆုတ်ခွာခဲ့ခြင်းသည် တရုတ်၊ ရုရှားနှင့် အီရန် အပါအဝင် ၎င်း၏ရန်ဘက် နိုင်ငံများကြား၌ ဝါရှင်တန်ကို အားပျော့သွားစေခဲ့သည်ဟု ထရမ့်က ယုံကြည်ထားသည်။

“တရုတ်က ကျနော်တို့ကို မလေးစားတော့ဘူး။ အီရန်ဆိုရင် ကျနော်တို့ကို မကြောက်တော့ဘူး။ ယူကရိန်းကို အပြင်းအထန် ကျူးကျော်ပြီးတော့ ကျနော်တို့ခေါင်းဆောင်တွေ ဘယ်လောက် ပျော့ညံ့တယ်ဆိုတာ ရုရှားက ပြသွားတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ အခင်းအကျင်းများကြောင့် အမေရိကန်၏သမိုင်းတွင် ယခုအခါ အန္တရာယ်အရှိဆုံးကာလ ရောက်ရှိစေခဲ့ ကြောင်း မှတ်ချက်ချခဲ့သည်။

အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာသွားခဲ့၍ တာလီဘန်တို့ တစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ်မှာလည်း သမ္မတဟောင်းထရမ့်က အပြစ်တင်ခဲ့သည်။

ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

“ကျနော်တို့စစ်သားတွေ သေဆုံးခဲ့ရတဲ့ အာဖဂန်နစ္စတန်မှာ ကျနော်တို့နိုင်ငံဟာ အရှက်ရခဲ့ပါတယ်။ အမေရိကန် ဓါးစာခံတွေ၊ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာတွေ ကျန်နေခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းရန် မိမိအစိုးရလက်ထက် စီစဉ်ခဲ့သော်လည်း ဂုဏ်သိက္ခာရှိစွာဖြင့် ထွက်ခွာ သွားရေးသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တစ်ချိန်က အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော်ကဘူးလ်၏ မြောက်ဘက်ရှိ အမေရိကန်၏ အကြီးဆုံး စစ်အခြေစိုက်စခန်း ဖြစ် သော ဘာဂရမ် (Bagram) လေတပ်စခန်းတွင် အမေရိကန်၏ရပ်တည်မှုကို ဆက်လက်ထားရှိရန် မူလက အစီအစဉ်ရှိခဲ့ ကြောင်း ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။
“အဆိုပါစခန်းကို တရုတ်တို့ နျူကလီးယားလက်နက် ထုတ်လုပ်တဲ့နေရာနဲ့ တစ်နာရီပဲ သွားရတဲ့ ခရီးအကွာအဝေးမှာ ထားဖို့ ဖြစ်ပါတယ်။ အဲဒီစခန်းဆောက်ဖို့ ဒေါ်လာဘီလီယံနဲ့ချီပြီး နှစ်အကြာကြီး အချိန်ယူခဲ့ရပါတယ်။ အခုတော့ ဘာဂရမ် စခန်းကို လည်း တရုတ်က ပိုင်သွားပြီး ကျနော်တို့ လုပ်ထားတာတွေ အဆုံးသတ်တော့မယ် ထင်ပါတယ်” ဟု ထရမ့်က ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ် အာဖဂန်နစ္စတန်မှ ဆုတ်ခွာ(GETTY IMAGES)

ထို့ပြင် မိမိ အိမ်ဖြူတော်တွင် ရှိနေဦးမည်ဆိုလျှင် ယူကရိန်းကို ရုရှားတိုက်ခိုက်ဖို့ ခွင့်ပြုမည် မဟုတ်ကြောင်း၊ မိမိအစိုးရသာ ရှိနေလျှင် ရုရှားနှင့်ယူကရိန်းတို့ ယခုကဲ့သို့ လုပ်မည် မဟုတ်ကြောင်း၊ တိုက်ခိုက်နိုင်ခြေတောင် မရှိကြောင်း ထရမ့်က ဝေဖန်ခဲ့ သည်။

၎င်း၏ အစိုးရသက်တမ်းအတွင်း မော်စကိုသည် စစ်ရေးပဋိပက္ခ အသစ်များကို ဖန်တီး၍ ပါဝင်ပတ်သက်ခဲ့မှု မရှိဟု သမ္မတ ဟောင်း၏ ပြောကြားချက်ကို အာရ်တီသတင်းဌာနက ဖော်ပြထားသည်။

Source: အာရ်တီသတင်းဌာန