CNI International News

မော်စကို၊ မတ်လ ၂၁

မော်စကိုသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာသော တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)အား တနင်္လာနေ့ တွင် ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)က နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုခရီးစဉ်သည် ရှီအတွက် ယခုလ အစောပိုင်း ပြန်လည် ရွေးချယ်ခံခဲ့ရပြီးနောက် ပထမဆုံးသော နိုင်ငံခြားခရီးစဉ်ဖြစ်ကာ တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးဆိုင်ရာ အခြေအနေသစ်တစ်ခုကို ပြသခြင်းအဖြစ်သာမက ယူကရိန်း စစ်ပွဲတွင် စစ်ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်း ထုတ်ပြန်ခံရသော ပူတင်အား နိုင်ငံရေးဆိုင်ရာ မြှင့်တင်မှုတစ်ခု လည်း ဖြစ်သည်။

ရှီ၏ သုံးရက်ကြာခရီးစဉ်ကို နှစ်နိုင်ငံလုံးမှ အကန့်အသတ်မရှိသော ၎င်းတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး အခွင့်အလမ်း တစ်ခုဟုလည်း ဖော်ပြကြသည်။

တရုတ်သည် ရုရှားနိုင်ငံအား ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်များသော စီးပွားရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်တစ်ခုအဖြစ် သာမက ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများတွင် အမေရိကန်၏ လွှမ်းမိုးမှုကို ရင်ဆိုင်ရေးအတွက်လည်း မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ထားသည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၅ နိုင်ငံတွင် ပါဝင်သော တရုတ်နှင့်ရုရှားတို့သည် စစ်ရေးလေ့ကျင့်မှုများကို ပူးတွဲဆောင်ရွက်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ဆွေးနွေးပွဲ အစပိုင်းတွင် တစ်ဦးကိုတစ်ဦး “ ချစ်မိတ်ဆွေ” ကြီးဟု ခေါ်ဝေါ်ကာ အပြန်အလှန် ချီးကျူးမှုများကိုလည်း လုပ်ဆောင်ခဲ့သည်။

ရှီ၏ ထပ်မံ ရွေးချယ်ခံရမှုကို ပူတင်က ဂုဏ်ပြုခဲ့ပြီး ပိုမိုခိုင်မာသော ဆက်ဆံရေးများရရှိရန် မျှော်လင့်ကြောင်း လည်း ပြောခဲ့သည်။

ပူတင်သည် ယူကရိန်းနိုင်ငံအရေး အဖြေရှာမှုအတွက် တရုတ်ဘက်မှ အဆိုပြုချက်များကို ကြိုဆိုကာ ရုရှား အနေ ဖြင့် ဆွေးနွေးပွဲများကို လမ်းဖွင့်ထားသည်ဟု ပြောသည်။

တရုတ်နှင့်ရုရှားတို့တွင် တူညီသော အမြင်များရှိကာ ယခုလ အစောပိုင်းတွင် ရှီက အမေရိကန်သည် တရုတ်နိုင်ငံအား ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကဏ္ဍ၌ ပြိုင်ဘက်အဖြစ် ရှုမြင်ကာ ဖယ်ကျဉ်ရန် နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

ဦးဆောင်နိုင်စွမ်း များပြားလာသည့် ကမ္ဘာ့အခင်းအကျင်းတွင် အမေရိကန်နှင့် မဟာမိတ်များသည် ပူတင်အား ထိန်းချုပ်ရန် မတတ်နိုင်သော အခြေအနေတွင် ရှိနေသည်။

ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

ပြီးခဲ့သည့်လ ယူကရိန်း ကျူးကျော်စစ် တစ်နှစ်ပြည့်သည့် အချိန်တွင် ကုသလမဂ္ဂ အစည်းအဝေး၌ နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ရုရှားအား ပြစ်တင်ရှုတ်ချရန် မဲပေးခဲ့သော်လည်း တရုတ်၊ အိန္ဒိယနှင့် တောင်အာဖရိက အပါအဝင် G-20 အဖွဲ့ဝင်နိုင်ငံတချို့က ကြားနေအဖြစ်သာ နေခဲ့သည်။

အာဖရိကနိုင်ငံ အများစုသည်လည်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုအား ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန် ခြင်း မရှိသေးပေ။

သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရမှုအပေါ် ပူတင်၏ ဂုဏ်ပြုမှုကို ရှီက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ရုရှားသည် ထိုဖြစ်ရပ် ပြီးနောက် ၎င်းအတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်သည်ဟု ဦးစားပေး ပြောဆိုခဲ့သည်။

Chinese People’s Daily သတင်းစာတွင် ထုတ်ပြန်သော သတင်းတစ်ပုဒ်သည် ပူတင်က ရှီ၏ ခရီးစဉ်အား ရုရှား-တရုတ် မိတ်ဖက် ဆက်ဆံရေး၏ ထူးခြားသော သဘောသဘာဝကို ထပ်မံခိုင်မာစေသည့် အထင်ကရ ဖြစ်ရပ်ဟု သတ်မှတ်ခဲ့ကြောင်း ဖော်ပြထားသည်။