CNI International News

ပဲရစ်၊ ဧပြီ ၁

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) သည် လာမည့် သီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

ယင်းက ကြုံတောင့်ကြုံခဲ ခရီးစဉ်တစ်ခုဖြစ်ကာ မက်ခရွန်အတွက် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ရေး ရည်မှန်းချက်နှင့် ပင်စင် ပြုပြင်ပြောင်းလဲရေး ကိစ္စအတွက် ပြည်တွင်း ကန့်ကွက် ဆန္ဒပြမှုများနှင့် ပတ်သက်၍ ရုန်းကန်နေရမှုတို့အကြား ချိန်ညှိသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။

ပင်စင်ယူရမည့် အသက်အရွယ်ကို မြှင့်တင်လိုက်သည့် မက်ခရွန်၏ ပြုပြင်ပြောင်းလဲမှုကြောင့် ပြင်သစ်မြို့ကြီးများ တွင် အကြမ်းဖက် ဆန္ဒပြပွဲများ ပေါ်ပေါက်လျက်ရှိသည်။

ထိုအခြေအနေတွင် မက်ခရွန် အနေဖြင့် သူ၏များပြားလှသော သံတမန်ရေးရာကိစ္စများကို အစီအစဉ်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

သို့သော် တစ်ကမ္ဘာလုံးက အာရုံစိုက်စရာ ဖြစ်စေခဲ့သည့် ပဲရစ်မြို့မှ အမှိုက်များကို မီးရှို့ဆန္ဒပြမှုများကြောင့် ဗြိတိန် ချားစ်ဘုရင်၏ ပြင်သစ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ထိုအခြေအနေက သံတမန်ရေး ကိစ္စများအတွက် ရှက်ဖွယ် အနေအထားတစ်ခုလည်း ဖြစ်သည်။ အင်္ဂလန်ဘုရင်၏ ပထမဆုံးခရီးစဉ်ကို လက်ခံခွင့်ရခြင်းသည် သိက္ခာရှိသော အရာဖြစ်ပြီး အမြဲတမ်း ထိုအခွင့်အရေးမျိုး မရနိုင် ကြောင်း၊ ယင်းကို ဆုံးရှုံးလိုက်ရခြင်းသည် ပြဿနာဖြစ်ကြောင်း ဥရောပသံတမန်တစ်ဦးက ပြောသည်။

ထိုဖြစ်ရပ်က မက်ခရွန်၏ အားနည်းမှုကို ဖော်ပြနေကြောင်း၊ ထို့ကြောင့် သေချာပေါက် ဆိုးကျိုးခံစားရမှု ရှိလာမည် ဖြစ်ကြောင်း တခြား သံတမန်တစ်ဦးကလည်း ပြောသည်။

မက်ခရွန် တရုတ်သို့ ရောက်ရှိချိန်တွင် နိုင်ငံအနှံ့ ဆန္ဒပြမှု ၁၁ ကြိမ် ပြုလုပ်ရန် စီစဉ်ထားပြီး ထိုဆန္ဒပြပွဲများသည် သမ္မတမက်ခရွန် အနေဖြင့် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ လက်ဦးမှု ရရှိရန် ကြိုးပမ်းစဉ်၊ ဥရောပ၏ ဦးဆောင်သူ အဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆန္ဒပြပွဲများက ကြီးမားသည့် စိန်ခေါ်မှုကို ဖြစ်စေကာ ပြင်သစ်အနေဖြင့် ဥရောပ၏ ခေါင်းဆောင် နေရာမှ ပါဝင်လို လျှင် သံတမန်ရေးရာ လုပ်ဆောင်ချက်များ လိုအပ်သည်ဟု တရုတ်ပညာရှင် တစ်ဦးက မှတ်ချက်ပေးသည်။

သို့သော် မက်ခရွန် အနေဖြင့် တရုတ်၏ သွေးခွဲအုပ်ချုပ်ခြင်း နည်းလမ်းကို သတိ ပြုထားရန် လိုအပ်သည်ဟု ဥရောပမှ မဟုတ်သည့် ပညာရှင်တစ်ဦးက ထောက်ပြသည်။

တရုတ်သည် မက်ခရွန်၏ ခရီးစဉ်အား အနောက်အုပ်စုအတွင်း သဘောထား ကွဲလွဲမှုဖြစ်ကာ ပြင်သစ်အား အမေရိကန်နှင့် နီးကပ်နေမှုမှ ဖယ်ထုတ်ရန် အသုံးချ သွားနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း မက်ခရွန်သည် တရုတ်ခရီးစဉ်၌ ဥရောပအနေဖြင့် တရုတ်မှ ရုရှားအား လက်နက် ထောက်ပံ့ ပေးခြင်းကို လုံးဝ လက်မခံကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုနေသည်။

ဘယ်လာရုစ်တွင် နျူကလီးယား လက်နက်များ ဖြန့်ကျက်သွားမည့် ပူတင်၏ ဆုံးဖြတ်ချက်သည် ပြင်သစ်အနေဖြင့် ထိုကိစ္စများတွင် ရုရှားနှင့် ကင်းကင်းရှင်းရှင်း နေရေး တရုတ်အစိုးရအား တိုက်တွန်းရန် အခွင့်ကောင်းကို ဖြစ်စေ သည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။

Source: ရိုက်တာ