CNI International News

ဝါရှင်တန်၊ ဧပြီ ၁

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရေးအတွက် လက်နက်များကို မြောက်ကိုရီးယားမှ ရယူရန် ထပ်မံ ကြိုး ပမ်းနေသည့် သက်သေအသစ်များ ရရှိထားသည်ဟု အိမ်ဖြူတော်က ကြာသပတေးနေ့၌ ပြောကြောင်း အေပီ သတင်းမှာ ဖော်ပြထားသည်။

ယခုတစ်ကြိမ်တွင် မြောက်ကိုရီးယားမှ လက်နက်ခဲယမ်းများယူကာ ရုရှားဘက်က အစားအစာနှင့် လူသုံးကုန်များ ပြန်လည် ထောက်ပံ့ပေးမည့် သဘောတူညီချက် တစ်ခုဖြစ်သည်။

ယင်းက လက်နက် လိုအပ်ချက်ရှိကာ၊ ပိတ်ဆို့အရေးယူမှုများ၊ ပို့ကုန်ထိန်းချုပ်မှုများနှင့် ရင်ဆိုင်နေရသည့် ရုရှား အနေဖြင့် ၁၃ လကြာ ယူကရိန်းစစ်ပွဲကို ဆက်လက် ဆင်နွဲရန်အတွက် နာမည်ဆိုးဖြင့် ထင်ရှားသော နိုင်ငံများထံမှ အကူအညီ ဆက်လက် ရယူနေသည်ဆိုသည့် စွပ်စွဲချက် အသစ်လည်း ဖြစ်သည်။

အဆိုပြုထားသော သဘောတူညီချက်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ရုရှားသည် မြောက်ကိုရီးယားထံမှ လက်နက်ခဲယမ်း အမျိုးအစားပေါင်း နှစ်ဒါဇင်ခန့် ရယူသွားမည်ဟု အိမ်ဖြူတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby)က ပြောသည်။

ရုရှားသည် မြောက်ကိုရီးယားသို့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ကြိုးပမ်းနေပြီး လက်နက်ခဲယမ်းများ အတွက် မြောက်ကိုရီးယားဘက်ကို အစားအစာများ ပြန်ပေးမည်ဆိုသည့် ကမ်းလှမ်းမှု ပြုလုပ်ထားသည်ဟု သဘောပေါက်ထားကြောင်းလည်း ၎င်းက ပြောသည်။

အိမ်ဖြူတော်လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကိုတွေ့ရစဉ်

အမေရိကန်အစိုးရသည် ပြီးခဲ့သည့် နွေရာသီတွင် အီရန်မှ ရုရှားသို့ တိုက်ခိုက်ရေး ဒရုန်များ ပေးပို့ခဲ့ကြောင်း စွပ်စွဲထားသည်။

ယင်းကို ရုရှားစစ်တပ်နှင့်အတူ တိုက်နေသည့် ဝဂ်နာ အုပ်စု(Wagner Group) မှ သယ်ယူသွားသည်ဆိုသည့် သက်သေများကို တင်ပြရန် ထောက်လှမ်းရေး အချက်အလက်များအပေါ် အဆင့်သတ်မှတ်ခြင်း လျော့ချပေးခဲ့ သည်။

မြောက်ကိုရီးယား၏ အစားအစာ ရှားပါးမှု အခြေအနေမှာ ကင်မ်ဂျုံအန် (Kim Jong Un) ၏ ၁၁ နှစ်ကြာ အုပ်ချုပ်မှုကာလအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကင်မ်သည် တိုင်းပြည်၏ စိုက်ပျိုးမှု အခြေအနေများကို တိုးမြှင့်ထိန်းချုပ်ရန်၊ စပါး၊ ပြောင်း ထုတ်လုပ်မှုကို မြှင့်တင်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းတွင် ဖော်ပြထား သည်။

သက်သေ အထောက်အထား အခိုင်အမာ မရရှိသေးသော်လည်း တရုတ်သည် ရုရှားသို့ လက်နက်နှင့်ခဲယမ်းများ ထောက်ပံ့ပေးရန် စဉ်းစားနေသည်ဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့မှ အစီအရင်ခံထားကြောင်း နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) က ပြီးခဲ့သည့်လတွင် ပြောခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ် 

မြောက်ကိုရီးယားမှ လက်နက်များ ရရှိရေး ရုရှား၏ ကြိုးပမ်းမှုနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်မှုသည် အမေရိကန်အနေဖြင့် ထောက်လှမ်းရေး သတင်းများအပေါ် ကန့်သတ်မှုများကို လျော့ချကာ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် အချက်များကို လူသိရှင်ကြား ချပြနေသည်ဆိုသည့် နောက်ထပ် ဥပမာတစ်ခုလည်း ဖြစ်သည်။

ထောက်လှမ်းရေး သတင်းများကို ချပြခြင်းဖြင့် မဟာမိတ်များနှင့် ပြည်သူများသည် ရုရှား၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိရကာ သမ္မတပူတင် အနေဖြင့်လည်း တစ်စုံတစ်ခုကို ပြုလုပ်ရန် နှစ်ခါပြန် စဉ်းစားရမှုကို ဖြစ်စေသည်ဟု အမေရိကန်အစိုးရဘက်က ပြောသည်။

Source: AP