CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၂

အထင်ကရ နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အင်္ဂါနေ့တွင် အနောက်အုပ်စုအား သတိပေးမှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

တိုက်ပွဲတွင် မဟာဗျူဟာမြောက် စနစ်သစ်များ ကျင့်သုံးသွားမည်ဟု ပူတင်က ကြေညာခဲ့ပြီး နျူကလီးယား စမ်းသပ်မှုများကို ပြန်လည် စတင်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

ဆယ်စုနှစ် ခြောက်ခုအတွင်း အနောက်အုပ်စုနှင့် အကြီးမားဆုံး ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေခဲ့သော ကျူးကျော် စစ်ကို အမိန့်ပေးခဲ့သည်။

ထို့နောက် ကျူးကျော်စစ် တစ်နှစ်နီးပါးအကြာတွင် ပူတင်က ရုရှားသည် ၎င်း၏ ရည်ရွယ်ချက်များကို အောင်မြင်နိုင်သည်ဟု ပြောကြားခဲ့သလို အနောက်အုပ်စုသည် ရုရှားအား ဖျက်ဆီးရန် ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

အနောက်အုပ်စု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်လာရကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ပွဲအတွင်း ရုရှား ကို အနိုင်ယူရန် မဖြစ်နိုင်သည်ကိုလည်း သဘောပေါက်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် စစ်တပ်အရာရှိများ ကို ပူတင်က ပြောသည်။

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားနဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်ကိုတွေ့ ရစဉ် (GETTY IMAGES)

အမေရိကန်သည် ယူကရိန်းစစ်ပွဲအား ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်စေအောင် ကြိုးပမ်းနေသည်ဟု စွပ်စွဲကာ ရုရှားသည် New START သဘောတူညီချက်တွင် ပါဝင်မှုကို ရပ်ဆိုင်းလိုက်ပြီဟု ပူတင်က ကြေညာသည်။

ယင်းသည် ရုရှားနှင့်အမေရိကန်တို့ကြား နောက်ဆုံးရရှိထားသော လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အရေးပါသည့် သဘောတူညီချက် ဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား (Barack Obama) နှင့် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) တို့ ၂၀၁၀ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သော ထိုသဘောတူညီချက်သည် နိုင်ငံများ၏ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်မှု အရေအတွက်ကို ထိန်းချုပ်ထားသည်။

၂၀၂၆ တွင် သက်တမ်းကုန်ဆုံးမည့် ယင်းသဘောတူညီချက်သည် တစ်ဖက်နိုင်ငံ၏ နျူကလီးယား လက်နက်များ ကို အပြန်အလှန် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် စစ်ဆေးနိုင်ရေးအတွက်လည်း ခွင့်ပြုပေးထားသည်။

သို့သော် ယူကရိန်းပဋိပက္ခ စတင်ချိန်ကတည်းက ထိုသို့ စစ်ဆေးမှုများ အဆုံးသတ်သွားခဲ့သည်။ ပူတင်၏ လုပ်ရပ်သည် ပြင်းထန်သော ဆိုးရွားမှု၊ တာဝန်မဲ့မှု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောသည်။

အမေရိကန်သမ္မတဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

ကမ္ဘာကြီးကို အန္တရာယ်ရှိသော နေရာအဖြစ် ပြောင်းလဲစေနိုင်သော ထိုဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားရန်လည်း နေတိုးအဖွဲ့ အတွင်းရေးမှူးက ပူတင်အား တိုက်တွန်းခဲ့သည်။

တိုက်ခိုက်ရေး တာဝန်များတွင် မြေပြင်အခြေစိုက် မဟာဗျူဟာမြောက် စနစ်များကို ထည့်သွင်းသည့် ဒီဂရီတစ်ခု ကို ပြီးခဲ့သည့် သီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ၎င်းက ပြောသော်လည်း မည်သည့်စနစ်ကို ရည်ညွှန်းသလဲ မသိရသေးပေ။

ယူကရိန်းသည် နျူကလီးယား ဗုံးကြဲလေယာဉ်များ ထားရှိရာ ရုရှားအတွင်းပိုင်းမှ စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း ပူတင်က စွပ်စွဲသည်။

Engels လေတပ်စခန်းကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

Source: Reuters