CNI International News

ပြုံယမ်း၊ မတ်လ ၆

ကုလသမဂ္ဂအဖွဲ့အနေဖြင့် အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ရေးအတွက် တောင်းဆိုသင့်သည်ဟု မြောက်ကိုရီးယားဘက်က ပြောကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည် ။

တနင်္ဂနွေနေ့က နိုင်ငံပိုင်သတင်း၌ဖော်ပြခဲ့သော ကြေညာချက်တစ်စောင်တွင် မြောက်ကိုရီးယား၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ဆွန်ဂျောင် (Kim Son Gyong) က စစ်ရေးလေ့ကျင့်မှုများနှင့် မဟာမိတ်နှစ်နိုင်ငံ၏ ပြောစကားများက တင်းမာမှုများကို အန္တရာယ်အရှိဆုံးအခြေအနေသို့ရောက်ရှိစေကြောင်းပြောခဲ့သည်။

ယင်းကြောင့် ကုလနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် ရန်လိုသော မှတ်ချက်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု များကို ချက်ချင်းရပ်တန့်ပေးရေး အမေရိကန်နှင့်တောင်ကိုရီးယားတို့ကို ခိုင်ခိုင်မာမာ တောင်းဆိုရမည်ဟုလည်း ၎င်းက ပြောသည်။ မတ်လ ၁၃ ရက်မှ ၂၃ ရက်အထိ ၁၀ ရက်ကြာ အကြီးစားစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင် သွားမည်ဟု အမေရိကန်နှင့်တောင်ကိုရီးယားတို့မှ အာဏာပိုင်များက သောကြာနေ့တွင် ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

 တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်စဉ်

စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက်သာ ရည်ရွယ်ကြောင်း၊ မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် များနှင့်ပတ်သက်သောခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်ရန် မဖြစ်မနေလိုအပ်ကြောင်း အမေရိကန်၊ တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံက ပြောသည်။

သို့သော် အဆိုပါ လေ့ကျင့်မှုများကို ကျူးကျော်စစ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မြောက်ကိုရီးယားဘက်က ရှုမြင်ထားသည်။ စနေနေ့တွင်လည်း မြောက်ကိုရီးယားတာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ လက်နက် ထိန်းချုပ်မှုအစီအစဉ်များ ပျက်စီးရမှုအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ကာ နျူကလီးယားလက်နက်သည် သာလျှင် ဒေသတွင်း အင်အားမျှခြေကို ထိန်းသိမ်းရန်အသေချာဆုံးနည်းလမ်းဖြစ်သည်ဟု ပြောခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်စဉ် (ဓါတ်ပုံ-Getty Images)

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် သောကြာနေ့တွင်လည်း လေတပ်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင် ခဲ့သည်။ မဟာမိတ်နှစ်နိုင်ငံ၏ တာဝန်ခံမှုမရှိသော လုပ်ရပ်များသည် ဒေသတွင်းအခြေအနေအား ထိန်းချုပ်၍ မရသောအနေအထားသို့ ရောက်ရှိစေသည်ဟု ကင်က သတိပေးသည်။ ကုလအနေဖြင့်လည်း ရန်လိုသည့် သဘော သဘာဝရှိသော စစ်ရေးလေ့ကျင့်မှုများအပေါ် နှုတ်ဆိတ်နေခြင်းအတွက်လည်း စိတ်မကောင်းဖြစ်မိသည်ဟု ပြောသည်။

ကုလသမဂ္ဂအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် မြောက် ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပေါ် အလွန်တရာ မမျှတသော၊ ဘက်မညီသော အခြေအနေတွင် ရှိနေသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြီးခဲ့သည့်လက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ကုလမှ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို အဆုံးသတ်ရန်တောင်းဆိုခဲ့သည်။

Source:Aljazeera