CNI International News

ဘန်ကောက်၊ဇန်နဝါရီ ၂၈

ထိုင်းနိုင်ငံမှ ထွက်ပြေးနေရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra)သည် ၎င်း ကိုယ်တိုင် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်မည့် နည်းလမ်းကို ရှာဖွေသွားနေကြောင်း သမီးဖြစ်သူ ပေတုန်တန် (Paetongtarn)က ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ နည်းလမ်းရှာဖွေရာမှာ ဖြူးထိုင်းပါတီ၏ အကူအညီကို လိုအပ်လိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ပေတုန်တန်သည် လာမည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်နေသူလည်း ဖြစ်သည်။

သောကြာနေ့က လွိုင်(Loei)ပြည်နယ်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအကြို ကမ်ပိန်းတစ်ခုတွင် သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ ပြန်လာရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းနှင့် ပြန်လာမည့်နေ့ကို သမီးဖြစ်သူကို ကြေညာစေခိုင်းဟု သက်ဆင်က အစောပိုင်းတွင် ပြောထားသည်။

သက်ဆင်နဲ့ ပေတုန်တန်ကိုတွေ့ရစဉ် (GETTY IMAGES)

သက်ဆင် ထိုင်းသို့ ပြန်လာမည့်ရက်ကို မပြောကြောင်း၊ နိုင်ငံရပ်ခြားတွင် နှစ်များစွာ နေထိုင်ပြီးနောက် အမိမြေသို့ ပြန်လာမည့် နည်းလမ်းကို စဉ်းစားနေနိုင်ကြောင်း၊ အပြန်ခရီးနှင့် ပတ်သက်၍ ဖြူးထိုင်းပါတီကို မပါဝင်စေချင် သည့် သူ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အသက် ၃၆ နှစ်အရွယ် ပေတုန်တန်က ပြောသည်။

သူမသည် ဖြူးထိုင်းပါတီတွင် ပြည်သူ့ပါဝင်မှုနှင့် ဆန်းသစ် ပြောင်းလဲမှုဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

သူမနှင့် ဖြူးထိုင်းပါတီသည် သက်ဆင် ပြည်တော်ပြန်ရေး ကိစ္စထက် ရွေးကောက်ပွဲ ကမ်ပိန်းများကိုသာ အာရုံစိုက် ထားကြောင်း ပေတုန်တန်က ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် သက်ဆင်အား ပြန်ခေါ်ရေး အာဏာရ PPRP ပါတီနှင့် အပေးအယူ ပြုလုပ်သွားမည်ဆိုသည့် သတင်း များကိုလည်း ၎င်းက ငြင်းဆိုခဲ့သည်။

ကြာသပတေးနေ့က သက်ဆင်ကို ClubHouse အစီအစဉ်တွင် မြင်တွေ့ခဲ့ရပြီး ယင်းတွင် ၎င်းက ပရိတ်သတ်များ မေးမြန်းသမျှကို ပြန်လည် ဖြေကြားခဲ့သည်။

အာဏာရ PPRP ပါတီကို ခေါင်းဆောင်ကိုတွေ့ရစဉ် (GETTY IMAGES)

မည်သည့် အချိန်တွင် ထိုင်းသို့ ပြန်လာမည်လဲဆိုသည့် မေးမြန်းမှုအပေါ် အသက် ၇၄ နှစ်အရွယ် သက်ဆင်က မကြာမီ ပြန်လာမည်ဟု ဖြေကြားခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့် ၁၄ နှစ်ကတည်းက ထိုကဲ့သို့ ဖြေကြားမှုမျိုးကို ပုံမှန် လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

ပြည်တော်ပြန် ခရီးစဉ်အတွက် ၎င်းသည် ပါတီတစ်ခုက ၎င်းအတွက် လွတ်ငြိမ်းခွင့် လုပ်ဆောင်ပေးခြင်း သို့မဟုတ် PPRP နှင့် ဖြူးထိုင်းပါတီတို့ မဟာမိတ်ဖွဲ့ခြင်း စသည်တို့ကို စောင့်ဆိုင်းနေမည် မဟုတ်ဟုလည်း ဝန်ကြီးချုပ် ဟောင်း သက်ဆင်က ပြန်လည် ဖြေကြားခဲ့သည်။

သက်ဆင်သည် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ရသူ ဖြစ်သည်။

ထိုင်းဗဟိုတရားရုံး၏ နိုင်ငံရေးသမားများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက သက်ဆင်၏ ဇနီးဟောင်းသည် မြေယာဝယ် ယူမှု တစ်ခုလုပ်စဉ်က လျှော့ဈေး အမြောက်အများ ရယူခဲ့ကြောင်း၊ ထိုလုပ်ရပ်သည် ဝန်ကြီးချုပ် အာဏာကို အလွဲ သုံးစားလုပ်ခြင်းဟု ကောက်ချက်ချခဲ့သည်။
ထို့နောက် သက်ဆင်အား ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ရာ မကြာခင်မှာဘဲ ၎င်းသည် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်