CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇

အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး ခံစားခွင့်များပိုမို ရနိုင်၍ ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဖြူးထိုင်း ပါတီ အနိုင်ရဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်နေကြကြောင်း ထိုင်းရှိ အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ဖြူးထိုင်းပါတီသည် ထိုင်းဝန်ကြီချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန် ပါဝင်သည့် ပါတီဖြစ်သလို အနာဂတ် ဝန်ကြီချုပ်လောင်းအဖြစ်လည်း ပေတုန်တန်မှာ ရေပန်းစားလျက်ရှိသည်။

Arakan Worker’s Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အဓိကကတော့ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ သက်ဆင်ရဲ့ တော်တော်များများက သူ့သမီးရဲ့ပါတီကို စိတ်ဝင်စားကြတယ်ပေါ့နော်။ သူတို့ပါတီသာ အနိုင်ရရှိ ခဲ့မယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေအတွက် လုပ်အားခ လစာကို အဓိကဆွေးနွေးပြီးမှ ပြောတဲ့ အခါကျတော့ အနီးစပ်ဆုံး ကြည့်မယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားအတွက် ပိုပြီးတော့ အကျိုးခံစားခွင့် ရှိတာ တွေ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို ပါတီမျိုးကိုတော့ အလုပ်သမား အများစုနဲ့ စကားပြောကြည့်တဲ့ အခါကျ တော့ သက်ဆင်ရဲ့ သမီးရဲ့ ပါတီနိုင်မယ်ဆိုတာကို လိုချင်နေကြတယ်ပေါ့။ သူတို့နိုင်မယ်ဆိုရင် ကျနော်တို့ အလုပ် သမားတွေအတွက် တစ်ခုခု အကျိုးရှိမယ်ဆိုတဲ့ ပုံစံမျိုးကို အလုပ်သမားတွေ မျှော်လင့်နေကြတယ်ပေါ့” ဟု ပြောသည်။

ပေတုန်တန်ကိုတွေ့ရစဉ်

ထိုင်းအထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပေတုန်တန် ပါဝင်သည့် ဖြူး ထိုင်းပါတီက ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိရေး ဆောင်ရွက်သွားမည်ဟု မဲဆွယ် လျက်ရှိနေသည်။

အလားတူ ထိုင်းနိုင်ငံသားများ၏ လုပ်ခလစာကိုလည်း တိုးမြှင့်ပေးသွားမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိနေခြင်း ကြောင့် ရေပန်းစားနေခြင်း ဖြစ်သည်။

ယခုအခါတွင် မဲဆွယ်ကတိပေးရာ၌ ထိုင်းနိုင်ငံသား သာမန်ဘွဲ့ရသူများ၏ အနိမ့်ဆုံး လုပ်ခလစာအား တစ်လလျှင် ဘတ် ၂၅၀၀၀ အထိ တိုးမြှင့်ပေးရန် ကတိပြုထားပြီး ရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ်အနိမ့်ဆုံး လုပ်ခလစာအား ဘတ် ၆၀၀ ခန့်အထိ တိုးမြှင့်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုထားကြောင်း သိရသည်။

MWRN မှ အကြံပေး ဦးအောင်ကျော်က “လက်ရှိ အခြေအနေမှာ ၃၅၃။ သူပြောသွားတဲ့ အထဲမှာက သူရတာနဲ့ ချက်ချင်း ငွေ ၆၀၀ ပေးမယ်လို့ ပြောသွားတာ မဟုတ်ဘူး။ သူ့သက်တမ်း တလျှောက်လုံး သူ့သက်တမ်း ၄ နှစ် ရမယ်။ အကယ်၍ ဝန်ကြီးချုပ် ဖြစ်ခဲ့မယ် သူ့သက်တမ်း နှစ်ဆုံးတဲ့အချိန်မှာ အခြေခံလုပ်အားခ ၈ နာရီ ၆၀၀ ဖြစ်စေရမယ်လို့ ပြောတာ။ ပြီးတော့ နိုင်ငံတကာရဲ့ စည်းမျဉ်းအရလည်း လုပ်အားခကို ဝုန်းခနဲ ခုန်တက်လို့ မရ ဘူး။ ဝုန်းခနဲ ခုန်တက်တာနဲ့ Investment လုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ အကုန် ရပ်ဆိုင်းပစ်မှာ မလိုက်နိုင်ရင်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

ထို့အပြင် အစိုးရသစ် ပြောင်းလဲသွားပါက ရွှေ့ပြောင်းလုပ်သားများ၏ အထောက်အထား စာရွက်စာတမ်း ပြုလုပ် ရသည့် လုပ်ငန်းစဉ်များမှာ ပြောင်းသွားနိုင်ဖွယ် မရှိကြောင်း၊ ကုန်ကျစရိတ်ပိုင်းတွင် သက်သာနိုင်ဖွယ် ရှိ၊ မရှိ ဆိုသည်ကိုသာ စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမဖြစ်သူ ယင်လတ်သည် ထိုင်းနိုင်ငံ၏ ပထမ ဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ် အနိမ့်ဆုံး လုပ်အားခအား ဘတ်ငွေ ၃၀၀ သို့တိုးမြှင့်ပေးခဲ့ပြီး ထိုင်းနိုင်ငံသား သာမန်ဘွဲ့ရသူများ၏ လစာဝင်ငွေအား တစ်လလျှင် ဘတ်ငွေ ၁၅၀၀၀ သို့ တိုးမြှင့်ပေးခဲ့ကြောင်း Thai PBS သတင်းဌာနတွင် ဖော်ပြထားသည်။