CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ပြန်လည် ရပ်စဲထားနိုင်ခဲ့သော်လည်း လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် တိုက်ပွဲရှောင်များ နေရပ် မပြန် နိုင်သေးကြောင်း သိရသည်။

တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေး နှစ်ဖက်အဖွဲ့အစည်းမှ အာမခံချက် မပေးနိုင်သေးသည့်အတွက် မပြန်နိုင် သေးကြောင်း၊ ထို့အတူ မြေမြှုပ်မိုင်း အန္တရာယ်များလည်း ရှိနေကြောင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်း တိုင်ပွဲရှောင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 AA ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ နေရပ်ပြန်မယ်ဆိုတော့ ပြန်တော့ ပြန်ချင်တာပေါ့၊ ဒါပေမဲ့ အဆင်မပြေဘူး ဖြစ်နေတယ်၊ WFP က ထောက်ပံ့တာလည်း သူ့ဟာလေးနဲ့သူတောင် စားဝတ်နေရေးက အဆင်မပြေဘူး။ နေရပ်ကို ပြန်မယ်ဆိုတော့ လည်း အိမ်တွေယာတွေက မရှိတော့ဘူး၊ ကျနော်တို့မှာ အကူအညီ အထောက်အပံ့ ဆိုတာလည်း မရှိဘူးလေ၊ ဒါနဲ့ မပြန်ဖြစ်တာက တစ်ကြောင်း၊ ဒါပေမဲ့ သူတို့ နှစ်ဦးနှစ်ဖက် တိုက်ပွဲတွေ ရပ်တော့ ရပ်ထားတယ်၊ ဘယ်တော့ ငြိမ်းချမ်းရေးရဦးမလဲဆိုတာကို ကျနော်တို့ တွေးပြီး စိတ်ပူရတာ တစ်ကြောင်း အဲဒါနဲ့ ကျနော်တို့ မပြန်ဖြစ်တာ” ဟု ပြောသည်။

နစကဘက်က ရခိုင်တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေး အိမ်ထောင်စုတစ်စုကို ရိက္ခာတစ်လစာနှင့် ငွေကျပ် ၅ သိန်း ပေးမည်ဟု ပြောကာ စာရင်များ တောင်းယူထားသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။

စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတွင် လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်များကို WFP မှ လူတစ်ဦးကို ၂၁၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြောင်း စခန်းတာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြောသည်။


၎င်းက “အခုလောလောဆယ် အိမ်ပြန်မယ်ဆိုလို့ရှိရင် နှစ်ဖက် အဖွဲ့အစည်းကလည်း အာမခံချက် တစ်ခုပေးရမှာ ပေါ့၊ မိုင်းတွေ၊ ဘာတွေ ရှင်းလင်းမှု လုပ်ပေးရမယ်၊ ပြီးလို့ရှိရင် ပြန်လည် နေရာချထားဖို့အတွက် အထောက်အပံ့လေးတွေ လုပ်ပေးပြီးတော့ အစီအစဉ်လုပ်ပေးရင် ပိုကောင်းမယ်ထင်တယ်” ဟု ပြောသည်။

ပလက်ဝမြို့ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တွင် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း တိုက်ပွဲရှောင် လူဦးရေ ၆၀၀၀ ကျော် တိုးလာကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။

မြန်မာ့တပ်မတော်နှင့် AA ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲရှောင် ၁ သောင်းခွဲကျော် ရှိကြောင်း သိရသည်။