CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၆

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အနေဖြင့် နှစ်ခြမ်းကွဲသလို ဖြစ်နေ ကြောင်း UNA မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ နိုင်ငံရေးပါတီများဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင် ပြန်တင်သည့် UNA အဖွဲ့ဝင်များ ရှိသလို မှတ်ပုံတင် ပြန်မတင်သော အဖွဲ့ဝင်များလည်း ရှိနေကြောင်း ၎င်းက ပြော သည်။

ဦးမျိုးကျော်က “အဲဒါကြတော့ ကျနော်တို့ အစည်းအဝေး မထိုင်ရသေးဘူး။ ကျနော်တို့က အဲဒါကို ပြောဖို့ကြတော့ ကိုယ့်သဘောကို ပြောဖို့ကြတော့ အတော်လေးကို အခက်အခဲရှိတယ်၊ အစည်းအဝေး ထိုင်ပြီးတဲ့အခါမှ ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောမှ အဆင်ပြေမယ်၊ ဘာဖြစ်လို့လဲဆို‌တော့ ကျနော်တို့ထဲမှာကိုက တချို့ကနေ ပြီးတော့ ပြန်ပြီးတော့ မှတ်ပုံပြန်တင်တယ်၊ တချို့တော့ မှတ်ပုံမတင်တော့ဘူးနော်၊ ဆိုတော့ လက်ရှိ အခြေအနေ မှာ နှစ်ခြမ်း ဖြစ်သွားတာပေါ့၊ အဲဒီတော့ ဘယ်လို ရှေ့ဆက် သွားမလဲဆိုတဲ့ဟာက ကျ‌နော်တို့တွေ ပြန်ပြီးတော့ အစည်းအဝေး တိုင်ပင်ပြီး ဆုံးဖြတ်ချက် အပေါ်မှာပဲ ပြောလို့ရမှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC ထံ နိုင်ငံရေးပါတီမှတ်ပုံတင် ပြန်တင်သည့် နိုင်ငံရေးပါတီများ စာရင်းကိုတွေ့ရစဉ်

UNA ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (ZCD)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ကချင် အမျိုးသား ကွန်ဂရက်ပါတီ (KNC)၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)၊ ကရင်အမျိုးသားပါတီ (KNP)၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၊ ခူမီး(ခမီး)အမျိုးသားပါတီ (KNP)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (MNDP)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (DNDP)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုး များ ဒီမိုကရေစီပါတီ (UNDP) တို့ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ မဟာမိတ် အဖွဲ့အစည်းများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ALD)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (DNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ခူမီး(ခမီး)အမျိုးသား ပါတီ (KNP)၊ ကရင်အမျိုးသားပါတီ (KNP)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (MNDP) တို့က မှတ်ပုံတင် လျှောက် ထားခြင်း မရှိသောကြောင့် ပါတီဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ဦးမျိုးကျော်က “ဒါကတော့ ကျနော်တို့ စုဖွဲ့တာက မဟာမိတ်စုဖွဲ့တယ်ဆိုတာ ကိုယ့်ပါတီက ကိုယ့်မူနဲ့ ကိုယ်ပဲလေ၊ ဒါပေမဲ့ UNA ထဲမှာ လာစုဖွဲ့တာဆိုတာက ကျနော်တို့ ယုံကြည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားတွေရဲ့ လိုလားချက်အရ စုဖွဲ့ကြမယ်ဆိုတဲ့ အနေအထားနဲ့ ကျနော်တို့က စုဖွဲ့ထားတာ ဖြစ်တယ်လေ၊ စုဖွဲ့ထားတာ ဖြစ် တယ်ဆိုတော့ အခုချိန်မှာ ပါတီမှတ်ပုံတင်ဖို့၊ မတင်ဖို့ ဆိုတဲ့ဟာတွေက ကျနော်တို့ စုဖွဲ့မှုတုန်းက အဲဒါတွေ အကုန် လုံးက အဲဒီတုန်းက မှတ်ပုံတင်ထားတဲ့ ပါတီတွေကိုဗျ၊ တရားဝင် ရပ်တည်နေတဲ့ ပါတီတွေ အခုချိန်ကြတော့ အဲဒီ စုဖွဲ့မှုက မှတ်ပုံတင်ထားမှုက တချို့က ပျက်ပြယ်သွားပြီ၊ ဆိုတော့ အဲဒီအပေါ်မှာ မီတင်လုပ်ပြီးမှာ ဆွေး‌နွေးပြီးခါမှ ဒါက အခြေအနေ အသစ်ဖြစ်သွားတာကို” ဟု ပြောသည်။

UNA အဖွဲ့ကိုတွေ့ရစဉ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ UNA အဖွဲ့ဝင်များ ဖြစ်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကချင် အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီ (SSP)၊ ဓနုတိုင်းရင်းသား လူမျိုး များ ဒီမိုကရေစီပါတီ (DNDP)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့မှ မှတ်ပုံတင် ပြန်တင်ခဲ့သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ကို တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီ အများစုဖြင့် စုဖွဲ့ထားသည်။