CNI International News

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁၁

ယူကရိန်းနိုင်ငံအား ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့သို့ ဝင်ရောက်ခွင့်ပေးရန် သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelensky) က ကြာသပတေးနေ့တွင် ဘရပ်ဆဲလ်(Brussels) မြို့ရှိ လွှတ်တော်အမတ်များကို အူလှိုက်သည်းလှိုက် တောင်းဆိုခဲ့သည်ဟု CNN သတင်းတွင်ဖော်ပြသည်။

ဥရောပသည် ယူကရိန်း၏ဇာတိ ဖြစ်သည် ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

ဥရောပလွှတ်တော်မိန့်ခွန်းတွင် ဇာလန်းစကီးက ယူကရိန်းနှင့်အီးယူတို့သည် တူညီသောတန်ဖိုးများရှိကြောင်း၊ ဥရောပ၏ ဘဝအဆင့်အတန်းနှင့် ဥရောပ၏ဘဝသတ်မှတ်ချက်များသည် ဉပဒေစိုးမိုးမှုရှိချိန်မှသာ အလုပ်ဖြစ်မည် ဟု ပြောခဲ့သည်။

ယူကရိန်း၏ အီးယူသို့ ပူးပေါင်းရန်ရည်ရွယ်ချက်ကို ရည်ညွှန်းကာ ဇာလန်းစကီးက အိမ်ပြန်လမ်း ဖြစ်ကြောင်း၊ အိမ်သို့အပြန်လမ်းဖြစ်ကြောင်း၊ ပြည်သူများ၏ အိမ်အပြန်လမ်းကို ကာကွယ်ပေးရန် ဒီနေရာတွင် ရှိနေခြင်း ဖြစ်ကြောင်းလည်း ဇာလန်းစကီးက ပြောသည်။ ဇာလန်းစကီး၏ စိတ်ခံစားချက်ပြင်းထန်သော မိန့်ခွန်းသည် ယူကရိန်းနိုင်ငံကို အီးယူအဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေချိန်တွင် အီးယူလွှတ်တော်အမတ်များနှင့်ပါ ချိတ်ဆက်နိုင်ရန် ကြိုးပမ်းမှုဖြစ်သည်။

ယူကရိန်းနိုင်ငံသည် ရုရှားထက်စာလျှင် ဥရောပနှင့် တူညီသောတန်ဖိုး ပိုရှိကြောင်း၊ ရုရှားသည် ယူကရိန်းနိုင်ငံအား အတိတ်မှအချိန်များဆီသို့ ပြန်ဆွဲခေါ်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ယူကရိန်း သမ္မတက ထောက်ပြ ပြောဆိုခဲ့သည်။

 ဇာလန်းစကီးသည် ဘရပ်ဆဲလ်ရှိ အီးယူ လွှတ်တော်သို့ ရောက်ရှိစဉ် ဥရောပပါလီမန်ဥက္ကဋ္ဌ ရော်ဘတ်တာ မတ်ဆိုလာနှင့် လက်ဆွဲနှုတ်ဆက်ခဲ့စဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ရုရှားသည် ဥရောပကို ၁၉၃၀ နှင့် ၄၀ နှစ်များဆီက ကြောက်ရွံ့ထိတ်လန့်နေရသည့် အခြေအနေသို့ ပြန်လည် ခေါ်ဆောင်သွားလိုနေသည်ဟုလည်း ဇာလန်းစကီးက ဥရောပလွှတ်တော်အမတ်များကို သတိပေးသည်။

ယင်းမှာ ယူကရိန်းပြည်သူများအတွက် အဖြေမဟုတ်ကြောင်း၊၎င်းတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်နေခြင်း ဖြစ်ကြောင်း၊ ကာကွယ်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ အီးယူ လွှတ်တော်မိန့်ခွန်းတွင် ဇာလန်းစကီး က ယူကရိန်နိုင်ငံအား လက်နက်နှင့်စစ်ဘက်ဆိုင်ရာအကူအညီများထောက်ပံ့ပေးသည့် နိုင်ငံတိုင်းကို ကျေးဇူးတင် ကြောင်းခဲ့ပြောဆိုခဲ့သော်လည်း နိုင်ငံ၏ လုံခြုံရေးကိုကာကွယ်ရန် ခေတ်မီတင့်ကားများ၊ တာဝေးပစ်ဒုံးကျည်များ နှင့် ခေတ်မီတိုက်လေယာဉ်များမှာ လိုအပ်နေဆဲဖြစ်သည်ဟုလည်း ပြောသည်။

ယူကရိန်းနိုင်ငံ၏ လုံခြုံရေးသည် ဥရောပ၏ လုံခြုံရေးဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ လွှတ်တော်မိန့်ခွန်း မတိုင်ခင် ဇာလန်းစကီးကို အီးယူလွှတ်တော်ဥက္ကဋ္ဌ ရော်ဘတ်တာ မတ်ဆိုလာ (Roberta Metsola) က မိတ်ဆက်ခဲ့ပြီး ယူကရိန်းသည် ဥရောပဖြစ်ကြောင်း၊ ယူကရိန်း၏အနာဂတ်သည် အီးယူတွင် ရှိနေကြောင်း ပြောခဲ့သည်။

ဘရပ်ဆဲလ်မြို့၌ ရှိနေစဉ် ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးရေးကိစ္စအတွက် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြုလုပ်ခဲ့ပြီးသော ဆွေးနွေးပွဲများတွင်လည်း ခိုင်မာ၊ ပြတ်သားသော ရလာဒ်များ ရရှိခဲ့ပြီဖြစ်ကြောင်း ဇာလန်းစကီးက ပြောသည်။

Source:CNN