CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ဘူးဟု နိုင်ငံရေးပါတီများကြားမှာ သတင်းများ ထွက်ပေါ်နေသည်။

နိုင်ငံတစ်ဝန်း မပြိုင်သည့် ပါတီများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့်မရဟု သတင်းထွက် လာမှုကို ကြားသိရကြောင်း၊ အဆိုပါ ဥပဒေမှာ ပြဋ္ဌာန်းလာနိုင်ခြေ နည်းသော်လည်း မပြဋ္ဌာန်းလာနိုင်ကြောင်း ပြော၍လည်း မရဘူးဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်

၎င်းက “ဒါပေမဲ့ အခုနောက်ပိုင်း ရွေးကောက်ပွဲ ဥပဒေအသစ် ထွက်လာရင် အဲဒီလို စည်းကမ်းတင်းကြပ်တဲ့ ဥပဒေ မျိုး မထွက်လာနိုင်ဘူးလို့လည်း ကျနော်တို့ အဲဒီလို ပြောလို့ မရဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အခုနောက်ပိုင်း နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေမှာက ပြည်နယ်အခြေစိုက် ပါတီဆိုရင် ပါတီဝင် အင်အား ၁ ထောင်ရှိရမယ်၊ သိန်း ၁၀၀ ရှိရမယ်၊ ပြည်ထောင်စု တစ်ဝှမ်းလုံးဆိုရင် ပါတီအင်အား ၁ သိန်းရှိရမယ်၊ သိန်း ၁ ထောင် ရှိရမယ်ဆိုတာက ကိန်းဂဏန်းအားဖြင့် တအားကွာဟနေတဲ့ အတွက်ကြောင့် အဲဒီလို ဒေသအခြေစိုက် ပါတီတွေက ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေမျိုးလည်း ထွက် မလာနိုင်ဘူးလို့ ပြောဆိုလို့ မရဘူးထင်တယ်၊ ဘာဖြစ်လို့လည်းဆိုရင် ဒီနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်တဲ့အချိန်မှာ UEC က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဘာမှ ပြုလုပ်ခဲ့တာ မရှိတဲ့အတွက် ကြောင့် အဲဒီလို ဥပဒေမျိုးလည်း မထွက်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အတိအကျ ပြောလို့ရတဲ့ အခြေအနေမျိုး ရှိမနေတဲ့ အတွက်ကြောင့် အဲဒီလို စည်းကမ်းသတ်မှတ်တဲ့ ဥပဒေမျိုးလည်း မထွက်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အတိအကျ ပြောလို့ရမှာ မဟုတ်ဘူးထင်တယ်” ဟု ပြောသည်။

အဆိုပါ ကန့်သတ်ချက်မျိုး ထုတ်ပြန်ပါက မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ နိုင်ငံရေးပြဿနာ ကို ပိုပြီးရှုပ်ထွေးအောင် လုပ်သည့် ဥပဒေမျိုး ဖြစ်လိမ့်မည်ဟု ဦးသာထွန်းလှက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့ပြီး မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။

ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့် မရဟုဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

 UEC နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

၎င်းက “ရပါတယ်၊ ရပါတယ်၊ မေးကြည့်ပြီးပါပြီ။ ရပါတယ်၊ အန်တီ UEC ရောက်တယ်လေ၊ တနေ့က UEC ရောက်လို့ မှတ်ပုံတင်ခဲ့တယ်၊ အဲဒီမှာ မေးခဲ့တယ်၊ တိုင်းဒေသကြီးက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မဟုတ် ပါဘူး ဆရာမတဲ့ ရပါတယ် ပြောတယ်၊ အန်တီလည်း ကြားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ သူတို့က မဟုတ် ပါဘူးတဲ့၊ ပြိုင်လို့ရပါတယ်တဲ့ အဲဒီလို ပြောတာ၊ UEC ထက်တော့ ဘယ်သူက ပိုသေချာမလဲနော်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထိုဥပဒေများတွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင် ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ် ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။