CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၆

ယူကရိန်းအနေဖြင့် ခရိုင်းမီးယား (Crimea) ကို တိုက်မည်ဆိုလျှင် ပဋိပက္ခပိုမို ဆိုးရွားလာကာ ရုရှားနိုင်ငံအနေဖြင့် မည်သည့် လက်နက်မျိုးကိုမဆို အသုံးပြုရမည့် အခြေအနေသို့ ရောက်ရှိစေလိမ့်မည်ဟု ရုရှားလုံခြုံရေးကောင်စီ လက်ထောက်ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က စနေနေ့တွင် တွစ်တာ၌ ရေးသားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာဥပဒေများသည် ပြည်သူများ၏ သဘောထားကို လေးစားမှုရှိသည်ဟု ၎င်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ကာ ခရိုင်းမီးယားသည် ရုရှားဒေသ ဖြစ်သည်ဟုလည်း ပြောသည်။

ခရိုင်းမီးယားကို တိုက်ခိုက်ခြင်းက ရုရှားအား တိုက်ခိုက်ခြင်းဖြစ်ပြီး ပဋိပက္ခကို မြင့်တက်လာစေမည်ဖြစ်ကြောင်း မက်ဗီဒက်ဗ်က ပြော၍ ထိုကဲ့သို့ တိုက်ခိုက်မှုများက ရုရှားကို မည်သည့် လက်နက်မျိုးကိုမဆို အသုံးပြု၍ လက် တုန့်ပြန်မှု ဖြစ်စေနိုင်ကြောင်း ယူကရိန်းအစိုးရအနေဖြင့် လက်ခံ သဘောပေါက် ထားရမည်ဟု ၎င်းက သတိပေး သည်။

ခရိုင်းမီးယားနှင့် ဆီဗာစတိုပေါ်လ် ပြည်သူ့သမ္မတနိုင်ငံ (The Republic of Crimea and Sevastopol) သည် ခရိုင်းမီးယားကျွန်းဆွယ်ရှိ အထူးအခြေအနေကို ပိုင်ဆိုင်ထားသော မြို့တစ်မြို့ ဖြစ်သည်။

Crimea ကိုတွေ့ရစဉ် (GETTY IMAGES)

အဆိုပါ ဒေသ၌ ရုရှားဒေသခံ အများစု နေထိုင်ကြပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ယူကရိန်းတွင် တရားမဝင် အာဏာသိမ်းမှုအတွင်း အာဏာရယူခဲ့သော အာဏာပိုင်များ၏ တရားဝင်မှုကို လက်ခံရန် ငြင်းဆန်ထားသည်။

ခရိုင်းမီးယားနှင့် ဆီဗာစတိုပေါ်လ်တို့တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၁ ရက်၌ လွတ်လပ်ရေး ကြေညာချက်ကို စတင် အတည်ပြုခဲ့သည်။

ထိုနှစ် မတ်လ ၁၆ ရက်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ခရိုင်းမီးယားဒေသခံ ၉၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဆီဗာစတိုပေါ်လ်မှ ၉၅ ဒသမ ၆ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက ယူကရိန်းမှ ခွဲထွက်ကာ ရုရှား နှင့်ပူးပေါင်းရန် ရွေးချယ်ခဲ့သည်။

မတ်လ ၁၈ ရက်နေ့တွင် ရုရှားသမ္မတပူတင်က ပြန်လည်ပေါင်းစည်းရေး စာချုပ်များကို လက်မှတ်ရေးထားခဲ့သည်။

ထိုစာရွက် စာတမ်းများကို မတ်လ ၂၁ ရက်တွင် ရုရှားဖက်ဒရယ်လွှတ်တော်က အတည်ပြု ပေးခဲ့သည်။ ဆန္ဒခံယူပွဲ တွင် ကွဲကွဲပြားပြား ရလဒ်ထွက်ပေါ်ခဲ့သော်လည်း ယူကရိန်းအစိုးရသည် ခရိုင်းမီးယားကို ရုရှားပိုင်အဖြစ် ငြင်းဆို ထားဆဲ ဖြစ်သည်။

Source: တာ့စ်