CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈

ဆိုမာလီးယား နိုင်ငံမြောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သော အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးတစ်ခုတွင် ISIS အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်း နိုင်ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ဘီလယ်လ် အယ်လ် ဆူဒါနီ (Bilal al-Sudani) ဟုခေါ်သော ဆိုမာလီးယားရှိ ISIS ခေါင်းဆောင်ဟု အမေရိကန်က သတ်မှတ်ထားသူမှာ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) က ပြောသည်။

၎င်းသည် ISIS အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်တွင် အရေးပါသူ တစ်ဦးလည်း ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေး ကို သမ္မတ ဂျိုးဘိုင်ဒန်က ယခုသီတင်းပတ် အစောပိုင်းတွင် အတည်ပြုပေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။

အယ်လ်ဆူဒါနီသည် အာဖရိကတွင် ISIS အဖွဲ့ဝင်များ တိုးပွားလာစေရေး ဆောင်ရွက်ခဲ့သူဖြစ်ကာ ၎င်းသည် အာဖဂန်နစ္စတန် အပါအဝင် ကမ္ဘာတစ်လွှားရှိ အဖွဲ့၏ စစ်ဆင်ရေးများအတွက် ရံပုံငွေ ထောက်ပံ့ခဲ့သူဟု အော်စတင်က ပြောသည်။

ဆိုမာလီးယားရှိ အယ်လ်ရှာဘတ်အဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

လက်ရှိ အချိန်အထိ အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန်တပ်ဖွဲ့များ မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည် သို့မဟုတ် တပ်ဖွဲ့ဝင် အရေအတွက် မည်မျှ ပါဝင်သည် စသည့် အခြေအနေများနှင့် ပတ်သက်သော အသေးစိတ် အချက် အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုစစ်ဆင်ရေးတွင် အယ်လ်ဆူဒါနီနှင့် ပတ်သက်သူ ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟုလည်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက ရိုက်တာသတင်းသို့ ပြောသည်။

အယ်လ်ရှာဘတ် (al-Shabab) အဖွဲ့ လေ့ကျင့်ရေး စခန်းတစ်ခုသို့ နိုင်ငံခြား တိုက်ခိုက်ရေး သမားများ သွားရောက် နိုင်ရန် ငွေကြေး ထောက်ပံ့ပေးမှုအတွက် အမေရိကန် ဘဏ္ဍာရေးဌာနက ၂၀၁၂ ခုနှစ်တွင် အယ်လ်ဆူဒါနီကို အရေး ယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။

ဟက်ဆန် ရှိတ်မိုဟာမက် (Hassan Sheik Mohamud) အား ရွေးချယ်ခဲ့ပြီးနောက် အယ်လ်ရှာဘတ် အဖွဲ့အပေါ် ဆိုမာလီးယားအစိုးရ၏ ထိုးစစ်ဆင်မှုများတွင်လည်း သိသိသာသာ အောင်မြင်မှု ရရှိခဲ့သည်။

အယ်လ်ရှာဘတ် အဖွဲ့သည် ဆိုမာလီယားနိုင်ငံတွင် အစိုးရကိုဖြုတ်ချကာ တင်းကြပ်သော အစ္စလာမ္မစ် ဥပဒေများ ချမှတ်ရေးအတွက် ၂၀၀၇ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

Source: အယ်ဂျာဇီးယား