CNI International News

ခတ္တမန္ဒူ၊ဇန်နဝါရီ ၂၈

နိုင်ငံသားဥပဒေများကို ချိုးဖောက်ခဲ့မှုကြောင့် နီပေါဒုတိယဝန်ကြီးချုပ်ကို ဗဟိုတရားရုံးက လက်ရှိရာထူးနှင့် လွှတ်တော်အမတ် နေရာတို့မှ ထုတ်ပယ်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အသက် ၄၈ နှစ်အရွယ် ရာဘီ လာမစ်ဟာနီ (Rabi Lamichane) သည် ပြီးခဲ့သည့်လက ၎င်း၏ပါတီသစ်သည် ညွှန့်ပေါင်း အစိုးရနှင့် ပူးပေါင်းခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ် အဖြစ်ပါ သာမက အင်အားကြီးမားသော ပြည်ထဲရေးဝန်ကြီး ရာထူးကိုပါ ရရှိခဲ့သည်။

လာမစ်ဟာနီသည် ထင်ရှားသော ရုပ်သံအစီအစဉ် တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ၎င်းသည် အမေရိကန် နိင်ငံသားအဖြစ်မှ စွန့်လွှတ်ခဲ့သော်လည်း သောကြာနေ့ တရားရုံးကြားနာမှု ၌ ၎င်းသည် လုပ်ငန်းစဉ်များကို လိုက်နာခဲ့ခြင်း မရှိဟု ပြောသည်။

နီပေါဗဟိုတရားရုံးကိုတွေ့ရစဉ်

၎င်းကို ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်နှင့် အောက်လွှတ်တော် အဖွဲ့ဝင် ရာထူးအဖြစ် ရွေးချယ်ခံရမှုသည် လစ်လပ် သွားပြီဟု ဗဟိုတရားရုံး၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာဌာနခွဲမှ ဆုံးဖြတ်ခဲ့သည်ဟု တရားရုံး ပြောခွင့်ရပုဂ္ဂိုလ် ဘီမဲလ်ပိုဒဲလ် (Bimal Poudal) က အေအက်စ်ပီသို့ ပြောသည်။

လာမစ်ဟာနီသည် အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ကို စွန့်လွှတ်ခဲ့ပြီးနောက် နီပေါနိုင်ငံသား ဖြစ်ခွင့်အတွက် ပြန်လည် လျှောက်ထားခြင်း မရှိခဲ့ဟု တရားရုံးက ဆုံးဖြတ်သည်။

ထို့ကြောင့် ၎င်းသည် နီပေါနိုင်ငံသား မဟုတ်ဘဲ ရွေးကောက်ပွဲကို မလျော်ကန်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည် ဟုလည်း ၎င်းက ပြောသည်။

နီပေါတွင် နှစ်နိုင်ငံသားအဖြစ် ခံယူထားသူများကို ခွင့်ပြုထားခြင်း မရှိပေ။

လက်ရှိ အချိန်တွင် နိုင်ငံမဲ့ဖြစ်သွားပြီ ဖြစ်သောကြောင့် မည်သည့် မှတ်ချက်မှ မပေးလိုကြောင်း လာမစ်ဟာနီက ပြည်ထဲရေးဝန်ကြီးဌာနမှ ထွက်လာချိန် သတင်းထောက်များကို ပြောသည်။

လာမစ်ဟာနီ ကျွမ်းကျိန်နေစဉ်

ထိုကိစ္စနှင့်ပတ်သက်၍ နီပေါအစိုးရနှင့် ဝန်ကြီးချုပ်ရုံးတို့မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

လာမစ်ဟာနီသည် အကျင့်ပျက်ခြစားမှု တိုက်ဖြတ်သူဟု ၎င်းကိုယ်၎င်း အမည်ပေးထားခဲ့ကာ နိုင်ငံရေး အုပ်စုများ နှင့် အဆက်အသွယ် မရှိသူများဖြင့် အမျိုးသားလွတ်လပ်ရေးပါတီ (National Independent Party)ကို တည်ထောင်ခဲ့သည်။
ထိုပါတီသည် နိုဝင်ဘာ ၂၀ ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်မှ နေရာ ၂၀ အနိုင်ရခဲ့သည်။

ဝန်ကြီး ထွက်ခွာသွားခြင်းက အာဏာရညွှန့်ပေါင်းအဖွဲ့၏ အနာဂတ်ကို ထိခိုက်ဖွယ်မရှိဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောသည်။ လာမစ်ဟာနီသည် လက်ရှိအချိန်တွင် ပုံမှန် နီပေါနိုင်ငံသားကတ် ရရှိရေး လျှောက်ထားသွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း နီပေါတောင်ပိုင်း ယခင် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ၎င်း၏ ရှေ့နေဖြစ်သူက ပြောသည်။

Source: အယ်ဂျာဇီးယား