CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆

အာဖရိကတိုက်ကို ထောက်ပံ့ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံး ပြုသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။

အာဖရိကခေါင်းဆောင်များနှင့် ညီလာခံတစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်ဒီစီမြို့တွင် ပြုလုပ်ခဲ့သော အာဖရိကခေါင်းဆောင် ၄၉ ဦးနှင့် ညီလာခံ၌ အာဖရိကအနာဂတ်အတွက် အမေရိကန်နိုင်ငံမှ အလုံးစုံပုံအောမြှုပ်နှံထားသည်ဟု ဘိုင်ဒန်က ပြောသည်။

အဆိုပါ ညီလာခံသည် ၈ နှစ်တာကာလအတွင်း ပထမဆုံးသော အမေရိကန်ဘက်မှ လက်ခံကျင်းပသည့် အာဖရိကန်- အမေရိကန် ညီလာခံ ဖြစ်သည်။

၎င်းက တရုတ်၏ ပါဝင်ပတ်သက်မှုများကို တန်ပြန်ရန်အတွက် အမေရိကန်နိုင်ငံ၏ အာဖရိကတိုက်အပေါ် ပြန်လည် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှု တစ်ရပ်ဟုလည်း ရှုမြင်ခြင်း ခံထားရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ် (AP)

ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေ ဆိုးရွားခဲ့သော်လည်း ဘိုင်ဒန်ကမူ အာဖရိကဒေသနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ရန် ကြိုးပမ်းထားသည်။ အာဖရိက၏ အောင်မြင်မှုသည် အမေရိကန်၏ အောင်မြင်မှုပင်ဖြစ်ကာ တစ်ကမ္ဘာလုံး၏ အောင်မြင်မှုဟုလည်း မှတ်ယူနိုင် ကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောထားသည်။

ဘိုင်ဒန်က လက်ရှိကြုံတွေ့နေရသော ကမ္ဘာ့ရေးရာကိစ္စများတွင် အာဖရိက၏ ခေါင်းဆောင်မှု၊ အတွေး အခေါ်များ နှင့် စွန့်ဦးတီထွင်မှုများ လိုအပ်သည်ဟု ပြောသလို ယခင်အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့သော အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။

၃ ရက်ကြာ အမေရိကန် - အာဖရိက ညီလာခံသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ၃ နှစ်အတွင်း အာဖရိက ဒေသသို့ ဒေါ်လာ ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု အမေရိကန် အမျိုးသား အကြံပေးအရာရှိ ဂျိတ်ဆူလေဗန် (Jake Sullivan) က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်များကိုတွေ့ရစဉ် (AP)

ညီလာခံတွင် လက်ရှိ ဆောင်ရွက်နေသော ပရိုဂရမ်များနှင့်ပတ်သက်၍ ဦးစားပေး ဆွေးနွေးသွားခဲ့သော်လည်း မြေပြင် အခြေအနေတွင် အဆိုပါ ပရိုဂရမ်များမှာ တိုးတက်မှု နှေးကွေးလွန်းနေသည်။

အာဖရိကသည် အမေရိကန် နိုင်ငံခြားကုန်သွယ်ရေး၏ ၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပြီး ထိုကုန်သွယ်ကိုလည်း နိုင်ဂျီးရီးယားနှင့် အန်ဂိုလာတို့မှ ရေနံဆီ တင်သွင်းမှုများက ကြီးစိုးထားသည်။

သို့သော် အနောက်အာဖရိက၏ အရေးပါဆုံး ဆိပ်ကမ်း ဖြစ်သော ဘီနင်ဆိပ်ကမ်းတွင် သယ်ယူပို့ဆောင်စရိတ် လျော့ချရေးအတွက် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဘိုင်ဒန်က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြောခဲ့ သည်။

ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်ရန် ဒေါ်လာ သန်း ၃၅၀ အသုံးပြုသွားမည်ဖြစ်ပြီး အမေရိကန်-အာဖရိက စီးပွားရေးဖိုရမ်တွင် ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်များကို ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

Source: BBC