CNI International News

ဒူဘိုင်း၊ဇန်နဝါရီ ၂၈

အီရန်မြို့တော်ရှိ အဇာဘိုင်ဂျန်သံရုံးကို သောကြာနေ့တွင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးအရာရှိတစ်ဦး သေဆုံးပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။

ယခုတိုက်ခိုက်မှုက အိမ်နီးချင်းနှစ်နိုင်ငံကြားကာလရှည် တင်းမာမှုများကိုလည်း မြင့်တက်စေခဲ့သည်။

သံတမန်များကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကာ အီရန်သည် အတိတ်တွင်လည်း ၎င်းတို့နှင့်ပတ်သက်သော ခြိမ်းခြောက်မှုများအပေါ် အလေးအနက်ထားဆောင်ရွက်ခဲ့ခြင်းမရှိဟု အဇာဘိုင်ဂျန်နိုင်ငံခြားရေးဌာနက စွပ်စွဲ ခဲ့သည်။ သံရုံးပစ်ခတ်မှုသည် ပုဂ္ဂိုလ်ရေးနှင့်မိသားစုအရေးကိစ္စသာဖြစ်သည်ဟု တီဟီရန်ရဲချုပ် ဗိုလ်ချုပ်ကြီး ဟိုးစိမ်း ရာဟီမီ(Hossein Rahimi) က အစောပိုင်းတွင် အပြစ်တင်ခဲ့ကာ ယင်းကို အီရန်နိုင်ငံပိုင်သတင်းများက ထပ်ဖန်တလဲလဲ အသုံးပြုခဲ့သည်။ သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ခိုက်မှုကို တားဆီးရန် မကြိုးစား ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ် လာခဲ့ပြီးနောက် ၎င်းသည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

အဇာဘိုင်ဂျန်သံရုံးပစ်ခတ်ခံရမှုတွင် တွေ့မြင်ရသည့် ကျည်ဆန်အပေါက်ရာများ(ဓါတ်ပုံ-အေပီ)

အီရန်ရှိ အဇာဘိုင်ဂျန်သံအဖွဲ့ကို ခြိမ်းခြောက်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ တားဆီးအရေးယူရေးနှင့် သံအဖွဲ့ ၏ ဘေးကင်းရေးကို သေချာစေရေးတို့အတွက် ယခင်ကတည်းက အီရန်အစိုးရကို တောင်းဆိုခဲ့ဖူးကြောင်း၊ အဆိုပါ တောင်းဆိုချက်အပေါ် အီရန်ဘက်က အလေးအနက်ထားဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ယခုကဲ့သို့ စိတ် မချမ်းမြေ့ဖွယ် အကျိုးဆက်နှင့်ရင်ဆိုင်ခဲ့ရသည်ဟု အဇာဘိုင်ဂျန် နိုင်ငံခြားရေးဌာနက ပြောသည်။

အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယတ်ဗ်(Ilham Aliyev) ကလည်း ယခု တိုက်ခိုက်မှုသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်ဟုပြောကာ သေဆုံးခဲ့သူသည် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံရှိ အဇာဘိုင်ဂျန်သံရုံး(ဓါတ်ပုံ-အေပီ)

အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးရန်နှင့်အကြမ်းဖက်သမားကို အပြစ်ပေးရန် ၎င်းက ဆက်လက်ပြောဆိုခဲ့ပြီး သံတမန်များအပေါ် အကြမ်းဖက်မှုကို လုံးဝလက်ခံနိုင်စရာမရှိဟုလည်း ဆိုသည်။ အဇာဘိုင်ဂျန်ဘက်တွင် ပျံ့နှံ့ နေသော လုံခြုံရေးမှတ်တမ်းဗီဒီယိုတစ်ခုတွင် အမျိုးသားတစ်ဦးသည် သံရုံးရှေ့သို့ ကားဖြင့်ရောက်လာပြီး ယခင်က တည်းက ရပ်ထားသောကားကို ဝင်တိုက်ခဲ့သည်။ ၎င်းသည် Kalashnilov(ကလက်ရှ်နီလို့ဖ်) ပုံစံမျိုး ရိုင်ဖယ် တစ်လက်ကို ကိုင်ဆောင်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်ကို တွေ့ရသည်။ သို့သော် အဆိုပါမှတ်တမ်း ဗီဒီယိုပါ အကြောင်းအရာများသည် အီရန်နိုင်ငံပိုင်သတင်းတွင် ထုတ်ပြန်သည်များနှင့် ကွဲလွဲမှုများစွာရှိသည်။ ရာဟီမီ၏ အဆိုကို ကိုးကား၍ အီရန်မီဒီယာတွင် သေနတ်သမားသည် ကလေးနှစ်ဦးနှင့်အတူ သံရုံးအတွင်းသို့ ဝင်လာသည် ဟု ဖော်ပြသည်။

သံရုံးအတွင်းရှိ မှတ်တမ်းဗီဒီယိုကမူ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်ချက်နှင့်ကိုက်ညီမှုရှိကြောင်း တွေ့ခဲ့ရပြီးသေနတ်သမားသည် သံရုံးအတွင်းသို့ တစ်ကိုယ်တည်းဝင်ရောက်လာခဲ့သည်။ သံရုံးအပြင်ဘက်တွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှ ရိုက်ကူးချက်တွင်လည်း သံရုံးအတွင်းပိုင်းမှ ရိုက်ကူးချက်အတိုင်း သေနတ်သမားကို တစ်ကိုယ်တည်းမြင်တွေ့ခဲ့ရသည်။

အဆိုပါ ဗီဒီယိုတွင် သေနတ်သမားက သံရုံးအတွင်းဝင်ရောက်ပစ်ခတ်နေသည်ကို မည်သည့်တုန့်ပြန်မှုမှ မလုပ်ဆောင်ဘဲ ဒီအတိုင်းရပ်ကြည့်နေခဲ့သော အီရန်ရဲတပ်ဖွဲ့ဝင်ဟု ယူဆရသည့် လူတစ်ဦးကိုလည်း မြင်တွေ့ခဲ့ရသည်။

Source:AP