CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

ရော်နယ်ဒို က သူ့ရဲ့ အတူနေချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ ကလေးမွေးဖွားပြီးနောက် အမြွှာကလေးနှစ်ဦးထဲက တစ်ဦး ဟာ သေဆုံးသွားကြောင်း ထုတ်ဖော်ပြောလာခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ကတော့ ဒီအဖြစ်အပျက်ကြောင့် အလွန်ဝမ်းနည်းကြေကွဲနေကြတာပါ။သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သားနဲ့သမီး အမြွှာကလေးနှစ်ဦးကို ကိုယ်ဝန်လွယ်ထားရကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့သားလေးဟာ မွေးဖွားအပြီးမှာ သေဆုံးသွားခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက် ကစားသမားက ပြောခဲ့တာပါ။ရော်နယ်ဒို က သူတို့ဟာ အလွန်ဝမ်းနည်းနေပေမယ့် သမီးလေးက အသက်ရှင်ဖို့ ခွန်အားတွေပေးတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို က “ကျနော်တို့ရဲ့ သားလေး သေဆုံးသွားပြီဆိုတာကို အလွန်ဝမ်းနည်းစွာနဲ့ပဲ အသိပေးပါရစေ။ဒါဟာ မိဘတိုင်းခံစားရနိုင်တဲ့ အကြီးမားဆုံးနာကျင်မှုပါ။အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သမီးလေးက ကျနော်တို့အတွက် မျှော်လင့်ချက်အချို့၊ပျော်ရွှင်မှုနဲ့ ခွန်အားတွေကို ပေးစွမ်းပါတယ်။ဒီလိုဆုံးရှုံးမှုအတွက် ကျနော်တို့ အားလုံး ကြေကွဲ ဝမ်းနည်းနေပြီး အခုလိုခက်ခဲနေတဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေအတွက် မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ရဲ့ သားလေး၊မင်းက ကျနော်တို့ရဲ့ နတ်သားလေးပါပဲ။ကျနော်တို့ သူ့ကို အမြဲတမ်း ချစ်နေမှာပါ”လို့ ရေးသားခဲ့တာပါ။

ရော်နယ်ဒို ရဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် အသင်းက “မင်းရဲ့ နာကျင်မှုက ငါတို့ရဲ့ နာကျင်မှုပါပဲ။ဒီအချိန်မှာ မင်းနဲ့ မင်းရဲ့မိသားစုတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ခွန်အားတွေပေးပို့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။အသင်းဖော် ရက်ရှ်ဖိုဒ့်၊အသင်းဟောင်း ရီးရယ်လ်၊မန်စီးတီး အပါအဝင် ပရီးမီးယားလိဂ်ကလပ် အချို့ကလည်း ဝမ်းနည်းကြောင်း ရေးသားကာ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြတာပါ။

ရော်နယ်ဒို ဟာ (၁၁)နှစ်အရွယ် ဂျုနီယာ၊(၄)နှစ်အရွယ်ရှိ အမြွှာနှစ်ဦးဖြစ်တဲ့ အီဗာနဲ့ မတ်တီယို၊(၃)နှစ်အရွယ်ရှိ မာတီနာတို့ရဲ့ ဖခင်ဖြစ်ပြီး အခုမွေးလိုက်တဲ့ သမီးလေးအပါအဝင် ကလေး(၅)ဦးရဲ့ ဖခင်အဖြစ် ရှိနေတာ ဖြစ်ပါ တယ်။

Source:TheSun