CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

ဝိန်းရွန်နီ ဟာ ဒါဘီအသင်း ချန်ပီယံရှစ်ကနေ တန်းဆင်းသွားခဲ့ပေမယ့် အသင်းနည်းပြအဖြစ် ဆက်ရှိဖို့ မျှော်လင့် ကြောင်း ပြောသွားခဲ့ပါတယ်။ဒါပေမယ့် အသင်းကို အပြီးသတ်လွှဲပြောင်းပြီးမှသာ ဆက်ရှိနိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါဘီ အသင်းဟာ ကျုပီအာ အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် လာမယ့် နှစ်ရာသီ လိဂ်ဝမ်းပြိုင်ပွဲမှာ ကစားရဖို့ သေချာသွားခဲ့တာပါ။ ဒါဘီ အသင်းဟာ အုပ်ချုပ်ရေး ဝင်ရောက်မှုနဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ရမှတ်(၂၁)မှတ်နှုတ်ယူခံခဲ့ရတာဖြစ်ပါတယ်။ ဝိန်းရွန်နီ နဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒါဘီ အသင်းဟာ ရမှတ်ပေါင်း(၃၁)မှတ်ထိ ရရှိအောင် ပြန် ကစားနိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးဖို့ (၃)ပွဲသာလိုတော့တဲ့အချိန်မှာ တန်းဆင်းဇုန်အထက် က ရီးဒင်းအသင်းနဲ့ (၁၀)မှတ်ကွာဟသွားတာကြောင့် တန်းဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါဘီ အသင်းကို ပိုင်ရှင် အသစ်အဖြစ် အမေရိကန်လူမျိုး ခရစ်ကချာနာ က ဝယ်ယူဖို့ရှိနေပြီး ဒီလွှဲပြောင်းဝယ်ယူမှုသာ ပြီးစီးခဲ့မယ်ဆိုရင် ဝိန်းရွန်နီ ဟာ အသင်းကို ဆက်လက်ကိုင်တွယ်မှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ဒါဘီ အသင်းဟာ ချန်ပီယံရှစ် ပြိုင်ပွဲ ကနေ တန်းဆင်းသွားခဲ့ပေမယ့် ဝိန်းရွန်နီ ကတော့ သူ့ရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို ဂုဏ်ယူမှု အပြည့် ရှိကြောင်း ပြောခဲ့ပါသေးတယ်။

ဝိန်းရွန်နီ က “ကစားသမားတွေ တစ်ဦးချင်းနဲ့အသင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အပြုသဘောဆောင်ပါတယ်။ တစ် ရာသီလုံး အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့အားပေးမှုက မယုံနိုင်စရာပဲလို့ ကျနော်ထင်ပါတယ်။စိတ်ပျက်မိပြီး ဝမ်းနည်းမှုတွေခံစားခဲ့ရပေမယ့် ဂုဏ်ယူမိပါတယ်။ကလပ်ကို ပြန်လည်တည်ဆောက်ပြီး ရှေ့ဆက်သွားရမှာပါ။ အဲဒါကြောင့် လွှဲပြောင်းမှုကို လိုအပ်ပြီး ဒါကလည်း မြန်မြန်ဆန်ဆန်ဖြစ်ရပါမယ်။ နောက်ရာသီမှာ ကျနော်တို့ ဘယ်လိဂ်ကို သွားရမလဲဆိုတာ သိသွားပါပြီ။အဲဒါကြောင့် မြန်မြန်ဆန်ဆန်နဲ့ တန်းပြန်တက်နိုင်ဖို့ ကစားသမားတွေ ခေါ်ယူဖို့လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါအပြင် ဝိန်းရွန်နီ က “ဒီ လွှဲပြောင်းမှုက ဖြစ်ဖို့လိုပါတယ်။ ဒီလိုမှမဖြစ်ရင် ကလပ်ဟာ ဘယ်မှာ အဆုံးသတ် သွားမလဲဆိုတာကို ကြောက်မိပါတယ်။ ကျနော် ဒီမှာဆက်ရှိချင်ပြီး ပျော်ရွှင်စရာ နေ့ရက်တွေကို ယူဆောင် လာချင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဝိန်းရွန်နီ ရဲ့ ဒါဘီ အသင်းဟာ ရမှတ်မနှုတ်ခံရဘူးဆိုရင် ရမှတ်(၅၂)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၇)နေရာမှာ ရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်။

Source:Metro