၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

မိုနာကိုမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် Golden Foot ဆုကို အီဂျစ်လက်ရွေးစင်နဲ့ လီဗာပူးလ်အသင်း တိုက်စစ် ကစား သမား ဆာလတ်က ရရှိသွားခဲ့ပါတယ်။

အသက် ၂၈ နှစ်အထက် ကစားသမားတွေကိုပဲ နှစ်စဉ်ပေးတဲ့ Golden Foot ဆုဟာ နိုင်ငံနဲ့ ကလပ်အသင်း အတွက်ရော တစ်ဦးချင်း အနေနဲ့ပါ ထူးချွန်စွာ စွမ်းဆောင်ခဲ့တဲ့ ကစား သမားတွေကိုပဲ ပေးအပ်တာ ဖြစ်ပါတယ်။ ဆာလတ်ဟာ လီဗာပူးလ် အသင်းကို ရောက်ရှိလာကတည်းက အခုအချိန်ထိ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် အခုနှစ်အတွက် Golden Foot ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလတ်ဟာ ဒီဆုကို တက်ရောက်ရယူခြင်း မရှိခဲ့ပေမယ့် သူ့ရဲ့ဇနီးကတော့ သူ့ကိုယ်စား တက်ရောက်ခဲ့ပြီး ဆုကိုရယူပေး ခဲ့တာပါ။

ဆာလတ်က “ဆုတွေရတဲ့ အခါမှာတော့ အမြဲတမ်း ပျော်ရွှင်ပါတယ်။ ဒီဆုဟာ ကျနော့်အတွက်တော့ အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဆုကို ကမ္ဘာ့ဘောလုံးရဲ့ ဂန္တဝင်အများအပြားက ရယူနိုင်ခဲ့လို့ပါ။ ဒါကြောင့်လည်း ဒီဆုဟာ ကျနော့်အတွက် တကယ်ကို အထူးဆုပဲလို့ ယူဆပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဆုဟာ ကစားသမားတစ်ဦးအနေနဲ့ တစ်ကြိမ်တည်းသာ ရယူနိုင်တာလည်း ဖြစ်ပါတယ်။

ပုံ- Golden Foot ဆုကို ဆာလတ်အစား ဇနီးဖြစ်သူ ဆုတက်ယူ။(Worldakkam)

အသက် ၃၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘောလွန်းဒီအောဆုကို စံချိန်တင် ၇ ကြိမ် ရရှိထားပေမယ့် ဒီဆုကိုတော့ ရယူနိုင်ခြင်း မရှိသေးတာပါ။ ဒီ Golden Foot ဆုကို ၂၀၀၃ က စတင်ပေးခဲ့တာဖြစ်ပြီး နာမည်ကျော် အီတလီ ကစားသမား ဖြစ်တဲ့ ဘတ်ဂီယိုက ရရှိခဲ့တာဖြစ်ပါတယ်။ Golden Foot ဆုကို နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ရော်နယ်ဒင် ဟို၊ စီရော်နယ်ဒို၊ အီဘရာဟီမိုဗစ်နဲ့ ဒရော့ဘာတို့လည်း ရယူနိုင်ခဲ့ပါတယ်။ ဆာလတ်ကတော့ ဒီဆုကို ရယူနိုင်တဲ့ ၁၉ ဦး မြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အီတလီ ကစားသမားတွေက ဒီဆုကို ၄ ကြိမ်နဲ့ အများဆုံး ရယူထားနိုင်တာဖြစ်ပြီး အင်္ဂလန် ကစားသမားတွေကတော့ တစ်ကြိမ်မှ ရယူနိုင်ခြင်း မရှိသေးတာပါ။ ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ခြေစွမ်းပြ ကစားနေတာဖြစ်ပြီး ၁၉ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ပြီး ဖြစ်ပါတယ်။

Source:SportBible.com