CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

ဘရာဇီးလ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပရဟိတရန်ပုံငွေပွဲစဉ်မှာ ပျော်ရွှင်မြူးထူးနေတဲ့ ပရိသတ်တွေရှေ့မှာ ရော်နယ်ဒင်ဟိုဟာ ဟတ်ထရစ်ဂိုး သွင်းယူသွားခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ ဘရာဇီးလ် ဂန္တဝင်ကစားသမားဟာ ပွဲအပြီးမှာ သူလှပစွာ သွင်းယူခဲ့တဲ့ ဂိုးတွေကို အင်စတာဂရမ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို ဘရာဇီးလ်နိုင်ငံ အီစတာဒီယိုရိုင်ပီလီမှာ ကျင်းပခဲ့တာဖြစ်ပြီး ရော်နယ်ဒင်ဟိုဟာ ရော်နယ်ဒိုရဲ့ သားဖြစ်သူနဲ့အတူ ကစားခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ အင်စတာဂရမ်ကနေ ဒီပွဲမှာ ပါဝင်ခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒင်ဟိုက သူတို့ ကွင်းထဲမှာ အနည်းငယ် ကစားနိုင်သေးတယ်လို့လည်း နောက်ပြောင် ပြောကြားခဲ့ပါသေး တယ်။

ရော်နယ်ဒင်ဟိုသည် ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက်  ရော်နယ်ဒင်ဟိုဟာ  ၉၇ ပွဲ ပါဝင်ကစားပြီး ၃၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် နိုင်ငံ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပါ။

ပုံ-ရော်နယ်ဒင်ဟိုကိုတွေ့ရစဉ်။ (Goal)

ရော်နယ်လ်ဒင်ဟိုဟာ ကလပ်အသင်း ကစားသမားဘဝမှာလည်း အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ဘာစီလိုနာ အသင်း မှာ ကစားခဲ့တဲ့ ၅ နှစ်အတွင်းမှာ လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် ဂန္တဝင် ကစားသမားဟာ ၂၀၀၅ ခုနှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ရော်နယ်ဒင်ဟိုဟာ ပီအက်စ်ဂျီနဲ့ အေစီမီလန် အသင်းမှာလည်း ကစားခဲ့ပါသေးတယ်။ သူဘောလုံး လောက ကနေ အနားမယူခင်မှာတော့ ဘရာဇီးလ် ကလပ်အသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ကစားသမား ဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ အိန္ဒိယမှာလည်း ဖူဆယ်ပွဲတွေ ကစားခဲ့ပြီး ဒေးလီးဒရာဂွန်အသင်းမှာ ၈ ပွဲကစားကာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ တာပါ။ ရော်နယ်ဒင်ဟိုဟာ ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများအပြားရပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Daily Mail