CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅

မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့်အတွက် လေ့ကျင့်မှု တွေကို အောက်တိုဘာ ၇ ရက်မှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နည်းပြချုပ် မိုက်ကယ်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမယ့် ပဏာမမြန်မာအသင်း လူစာရင်းဟာ ပြီးခဲ့တဲ့ နီပေါ အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တဲ့ လူစာရင်းကိုအခြေခံပြီး အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂၄ အသင်းက လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

အခုနှစ် ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြသနေတဲ့ ဟံသာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး အောင်မြတ်သူကို ပဏာမလူစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။

 မြန်မာအသင်း ယှဉ်ပြိုင်နေစဉ်

နည်းပြချုပ် မိုက်ကယ်ဟာ ပြီးခဲ့တဲ့ နီပေါအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲက ခြေစွမ်းတွေကို ပြန်လည်သုံးသပ်ပြီး မကာအို အသင်းနဲ့ ပွဲစဉ်ကို ပြင်ဆင်သွားမယ်လို့ ပြောထားပါတယ်။

မြန်မာအသင်းဟာ ဇွန်လတုန်းက တရုတ်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မကာအိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရထားတာ ဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့်အဖြစ် အောက်တိုဘာ ၁၂ ရက်မှာ မကာအိုအသင်းကို အိမ်ကွင်း၊ အောက်တိုဘာ ၁၇ ရက်မှာ အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာပါ။

မြန်မာအသင်းဟာ မကာအိုအသင်းကို အနိုင်ရခဲ့ရင် ဒုတိယအဆင့်မှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။