CNI Sport Article

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျပန်အသင်းကို ၅ ဂိုး - ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဂျပန်အသင်းလို ကမ္ဘာ့အဆင့်အသင်းကို ဂိုးအရမ်းကြီးမပြတ်ဘဲ ရှုံးခဲ့တာက အဆိုးထဲက အကောင်းဆုံးအရာ ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ဂျပန်မြေမှာ ကစားခဲ့တုန်းက မြန်မာအသင်းဟာ ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း မြန်မာအသင်းနည်းပြဟာ ဒီလိုအရှက်တကွဲ ရှုံးနိမ့်မှုကို ထပ်ပြီးမကြုံတွေ့ရအောင် ပြင်ဆင် လာခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ၃ ဦးစလုံးကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုကတည်းက မြန်မာအသင်းဟာ လုံးဝ ခံစစ်ကိုပဲ ကစား မယ်ဆိုတာ သေချာပေါက် တွက်ချက်လို့ ရခဲ့တာပါ။

တကယ်လည်း မြန်မာအသင်းဟာ စပေးဘောပေးရတာနဲ့ ထောင့်ကန်ဘော ကန်ခွင့်ရတဲ့ ၁ ကြိမ်လောက်သာ ဂျပန်အသင်းဘက်ခြမ်းမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဂျပန်လိုအသင်းကို ခံစစ် အထပ်ထပ် ကစားဖို့ကလွဲပြီး မြန်မာအသင်းမှာ ရွေးချယ်စရာလုံးဝ မရှိခဲ့ပါဘူး။

ဂျပန်အသင်းဟာ မြန်မာအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေကို ပြန်ပြီးကြည့်ရမယ်ဆိုရင် ဂျာမနီ၊ တူရကီနဲ့ ကနေဒါတို့လို အသင်းတွေကို ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ဂျပန်အသင်းနဲ့ မြန်မာအသင်းရဲ့ကမ္ဘာ့အဆင့် ရပ်တည်မှုကို ကြည့်ရင် များစွာကွာခြား နေတာကြောင့် ဘယ်လောက်ပဲ ခံစစ်ပိတ်ပိတ် သွင်းဂိုးတွေက ပေးရမှာဖြစ်ပေမယ့် ပေးဂိုး ၅ ဂိုးပဲ ပေးခဲ့ရတာကတော့ မြန်မာ အသင်းအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

မြန်မာနည်းပြ မိုက်ကယ်ကိုယ်တိုင်က ဂျပန်အသင်းကို ခံစစ်ကစားဖို့ပဲ လက်တွေ့ဆန်ဆန် ဆုံးဖြတ်ခဲ့တယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မိုက်ကယ်က "ဂျပန်နဲ့ပွဲမှာ ခံစစ်ကို ဦးစားပေးပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဒီပွဲ အတွက်က ကျနော်တို့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို  သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျနော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးပါတယ်"လို့ ပြောခဲ့ပါတယ်။

ဂျပန်အသင်းဟာ မြန်မာအသင်းနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၈၃ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၅ ကြိမ်အထိ ရှိခဲ့တာပါ။

မြန်မာအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၁၇ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရတော့ မြန်မာအသင်းရဲ့ အနေအထားဟာ စိတ်ပျက်ချင်စရာ ဖြစ်ပေမယ့် ကိုယ့်နိုင်ငံ အသင်း အကြောင်းကို သိတဲ့သူတွေအတွက်တော့ ဂျပန်အသင်းကို ပေးဂိုး ၅ ဂိုးကိုပဲ ပေးရတာက အပေါင်း လက္ခဏာ ဆောင်ခဲ့တာပါ။

မြန်မာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပေမယ့် သူတို့ရဲ့မျှော်လင့်ချက်က ဒီခြေစစ်ပွဲကနေ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် မြန်မာအသင်းဟာ ဂျပန်အသင်းနဲ့ နှစ်ကျော့စလုံးအရှုံးလို့ သတ်မှတ်ထားပြီး မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နဲ့ ကစားမယ့်ပွဲမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

မိုက်ကယ်က "မြောက်ကိုရီးယားနဲ့ ကစားရမယ့် ပွဲကတော့ ဂျပန်ပွဲနဲ့ အစစအရာရာ ကွာခြားပါလိမ့်မယ်၊ မတူညီတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကျနော်တို့ ပြိုင်ဘက်ကို ရင်ဆိုင်မှာပါ၊ ဂျပန်အသင်းနဲ့ ပွဲလိုခံစစ်ပုံစံမျိုး မဟုတ်ဘဲ မတူညီတဲ့ဟန်နဲ့ ကစားမှာပါ။ မြောက်ကိုရီးယားဆီကနေ အမှတ်ရအောင် ယူဖို့ကြိုးစားပါမယ်။ ဒါက ကျနော်တို့ မျှော်လင့်ချက်ပါ" လို့ ပြောခဲ့ပါတယ်။

အဲ့ဒါကြောင့် မြောက်ကိုရီးယားအသင်းနဲ့ ကစားမယ့်ပွဲမှာ ဂျပန်အသင်းပွဲစဉ်ကလို ခံစစ်ချည်းမကစားဘဲ တိုက်စစ် လိုက်ပါမယ့် မြန်မာအသင်းကို ပရိသတ်တွေပြန်ပြီး မြင်ခွင့်ရဖို့ ရှိနေပါတယ်။

လက်ရှိ မြန်မာအသင်းကို အာဆီယံ​ဒေသတွင်း ထွက်ပြီး ကစားနေတဲ့ ကစားသမားတွေအပြင် ပြည်တွင်းက အကောင်းဆုံး ကစားသမားတွေနဲ့ လူငယ်ကစားသမား အများအပြားကို ဖွဲ့စည်းထားတာပါ။

အဲ့ဒါကြောင့် ဒီအစုအဖွဲ့က ပရိသတ်တွေ မျှော်လင့်နေတဲ့ အတိုင်းအတာအထိ ရောက်အောင် ဖြည့်ဆည်းပေးနိုင် မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။