CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

မြောက်ကိုရီးယားအသင်းကို အိမ်ကွင်းမှာ ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် မြန်မာအသင်းနည်းပြ မိုက်ကယ်က ယှဉ်ပြိုင်ကစားပြီးတဲ့ ခြေစစ်ပွဲ ၂ ပွဲကို ပြန်သုံးသပ် ပြင်ဆင်သွားမယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

မိုက်ကယ်က "ခက်ခဲတဲ့ပွဲပါ။ ဂျပန်အသင်းနဲ့ ပွဲကလိုမျိုး ဂိုးကွာခြားချက်က ၅ ဂိုး ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ လောက်အထိ အကောင်းဆုံး ကစားနိုင်ပေမယ့် ၃ ဂိုး ပေးလိုက်ရပြီးနောက် ပုံစံကောင်း မရှိတော့ပါဘူး။ ရလဒ် က ကျေနပ်စရာ မဟုတ်ပေမယ့် ကစားသမားတွေ ကြိုးစားကစားခဲ့ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် မြောက်ကိုရီးယားက ပထမပိုင်းရရှိတဲ့ အခွင့်အရေး ၃ ကြိမ်စလုံး ဂိုးရခဲ့ပါတယ်။ ကစားသမား အချို့ အမှားလုပ်ခဲ့ကြပါတယ်။ ကစားပြီးတဲ့ ၂ ပွဲကို ပြန်သုံးသပ်ပြီး ပြင်ဆင်သွားပါမယ်"လို့ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ မြောက်ကိုရီးယား အသင်းဆီကနေ သရေတစ်မှတ် ရအောင်ယူမယ်ဆိုပြီး ဂျပန်အသင်းနဲ့ ပွဲစဉ်က ပွဲထွက်လူစာရင်းကို အနည်းငယ်ပြောင်းလဲပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာအသင်း ကစားသမားများကိုတွေ့ရစဉ်

မြန်မာအသင်းဟာ မြောက်ကိုရီးယားအသင်းကို ဂိုးမပေးရခင် အချိန်ထိ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေးရအပြီးမှာ ကစားသမားတွေဟာ အမှားအယွင်းပိုပြီး လုပ်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဂျပန်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်တောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့ မြန်မာအသင်းဟာ မြောက်ကိုရီးယားအသင်းနဲ့ ပွဲမှာတော့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာအသင်းနဲ့ ပွဲစဉ်မှာ မြောက်ကိုရီးယား အသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂွမ် က မြန်မာအသင်းဟာ ကစားပုံကောင်းပေမယ့် နောက်တန်းနဲ့ ကွင်းလယ်က ချိတ်ဆက်မှုပိုင်း အားနည်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့် ၂ ပွဲစီ ကစားအပြီးမှာ အုပ်စုတွင်းက ဂျပန်အသင်းဟာ ၂ ပွဲ စလုံးနိုင် ရမှတ် ၆ မှတ်၊ မြောက်ကိုရီးယားအသင်းက ၁ ပွဲနိုင် ၃ မှတ်၊ ဆီးရီးယားအသင်းက ၁ ပွဲနိုင် ၃ မှတ်နဲ့ မြန်မာအသင်းက ရမှတ်မရရှိသေးတာ ဖြစ်ပါတယ်။ 

ခြေစစ်ပွဲတွေကို မတ်လမှ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာအသင်းဟာ ဆီးရီးယားအသင်းနဲ့ အိမ်ကွင်း၊ အဝေး ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။