CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့် အုပ်စု B ပွဲစဉ် တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ဆီးရီးယား အသင်းတို့ပွဲစဉ်ဟာ ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်း ၃၅ မိနစ်မှာ နောက်ခံလူ စိုးမိုးကျော်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ဆီးရီးယားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။ 

ဒုတိယပိုင်းမှာတော့ ဆီးရီးယားအသင်းဟာ ချေပဂိုးရယူနိုင်ဖို့ ဆက်တိုက် ဖိအားပေးကစားခဲ့တာကြောင့် ပွဲချိန် ၇၁ မိနစ်မှာ အယ်လ်ဒါလီက ဆီးရီးယားအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဆီးရီးယားအသင်းဟာ ချေပဂိုး ရယူအပြီးမှာ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာအသင်းခံစစ်က အကောင်းဆုံး ကစားနိုင်ခဲ့လို့ ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။

မြန်မာအသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် ခြေစစ်ပွဲအုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ရမှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 
ဆီးရီးယားအသင်းကတော့ ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာပါ။

ဆီးရီးယားနဲ့ မြန်မာအသင်းတို့ဟာ မတ်လ ၂၆ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ပွဲစဉ် အဖြစ် ဆော်ဒီမှာ ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။