CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

နယူးကာဆယ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲစဉ်က ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်နဲ့ ကစားပုံတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ နောက်ခံလူ လုပ်ခ်ရှောက ပြောလိုက်ပါတယ်။

လုပ်ခ်ရှောက “ကျနော်တို့ဟာ ဒီပွဲမှာ လုံလောက်မှု မရှိပါဘူး။ နယူးကာဆယ်က အလွန်ကောင်းတဲ့ အသင်း ဖြစ် ပေမယ့် အရည်အချင်းတွေအရ ပွဲကို အနိုင်ရတယ်လို့ မထင်ပါဘူး။ သူတို့ဟာ စိတ်အားထက်သန်မှု၊ ဆာလောင်မှု၊ နိုင်လိုစိတ် ပြင်းပြမှုတွေကြောင့် အနိုင်ရရှိခဲ့တာပါ။ သူတို့ဟာ ဒီထက်ပိုပြီး စိတ်အားထက်သန်မှု ရှိတယ်ဆိုတာ ရှင်း နေပါတယ်။ ဒါက မဖြစ်နိုင်သလို၊ လက်ခံလို့လည်း မရပါဘူး။ သူတို့က ဒီထက်တောင် ပိုပြီးလိုချင်ခဲ့ပေမယ့် ယူနိုက် တက်က ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ လက်ခံနိုင်စရာ မရှိဘူးဆိုတာ ကျနော်တို့အားလုံး ဝန်ခံနိုင်ပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

ဒီပွဲမှာ နယူးကာဆယ် အသင်းဟာ ယူနိုက်တက်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကို ဝီလော့ခ်နဲ့ ဝီလ်ဆင်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး မန်ချက်စတာ ကလပ်ကတော့ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့တာပါ။

ယူနိုက်တက်နဲ့နယူးကာဆယ် ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းဟာ ဒီပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံး ခဲ့ပြီး အဆင့်ရပ်တည်မှုပါ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ဒီလိုပြောရတာကို မုန်းတီးပေမယ့် ဒီပွဲမှာ နယူးကာဆယ်က ပိုပြီးကောင်းပါတယ်။ အထူး သဖြင့် သူတို့ရဲ့ စိတ်အားထက်သန်မှု၊ စိတ်ပိုင်းဖြတ်မှုနဲ့ အနိုင်ရချင်တဲ့ ဆန္ဒတွေပါ။ ကျနော်တို့ အနေနဲ့ ပွဲကြီး ပွဲကောင်းတွေကို အနိုင်ရချင်ရင်တော့ ရင့်ကျက်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါကို ကျနော် မမြင်တွေ့ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ယူနိုက်တက် အသင်းတို့ဟာ လာမယ့် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး နယူးကာဆယ်က ဝက်စ်ဟမ်း၊ ယူနိုက်တက်က ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail