CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၃

လက်စတာအသင်းနဲ့ ပွဲအပြီးမှာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မမျှော်လင့်ခဲ့ဘူးလို့ နည်းပြ အက်ဒီဟိုဝီက ပြောခဲ့ ပါတယ်။

အက်ဒီဟိုဝီက “ကျနော်တို့ရဲ့ မျှော်လင့်ချက်က ထိပ်ဆုံး ၄ သင်းမဟုတ်တာတော့ အသေအချာပါပဲ။ ကျနော်တို့ဟာ အမြဲတမ်း မျှော်လင့်ရမယ်။ အမြဲတမ်း ယုံကြည်ရမယ် ပြီးတော့ အိပ်မက်မက်နေရပါမယ်။ ဒါပေမယ့် ကျနော်တို့ဟာ အဲဒီအတွက် အဆင်သင့် ဖြစ်နေတယ်လို့ မခံစားခဲ့ရပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ်က တန်းဆင်းဇုန်အတွက် တိုက်ပွဲဝင်ခဲ့ရပြီးနောက် ပိုစည်းလုံးလာသလို ပိုကောင်းတဲ့အသင်း လည်း ဖြစ်လာခဲ့ပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမရှိသရေကျ ပြီးနောက် ၂၀၀၃ နောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ နည်းပြ အက်ဒီဟိုဝီ စတင်ကိုင်တွယ်ချိန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်ခဲ့ပေမယ့် အခုအချိန်မှာတော့ ချန်ပီယံ လိဂ် ဝင်ခွင့်နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ လက်စတာအသင်းကို တွေ့ရစဉ်

ပြီးခဲ့တဲ့နှစ်ရာသီက တန်းဆင်းဇုန် အန္တရာယ်မှာ ကျရောက်နေခဲ့တဲ့ နယူးကာဆယ်အသင်းကို ဆော်ဒီ ကျောထောက် နောက်ခံ လုပ်ငန်းစုက ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာမှာ နည်းပြ စတိဗ်ဘရုဇ်ကို ထုတ်ပယ်ကာ အက်ဒီဟိုဝီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အက်ဒီဟိုဝီ ကိုင်တွယ်ပြီးချိန် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းဟာ ပေါင် ၈၅ သန်း သုံးစွဲပြီး ထရစ်ပီယာ၊ ခရစ်ဝုဒ်၊ ဘရူနိုဂွီမာရေးစ်နဲ့ ဒမ်ဘန်းတို့ကို ခေါ်ယူကာ အသင်းကို ပရီးမီးယားလိဂ် မှာ အဆင့် ၁၁ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာတော့ နယူးကာဆယ်အသင်းဟာ ခြေစွမ်းကောင်း ရလဒ်ကောင်းတွေနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲအလိုမှာ ရရှိသွားခဲ့ပါတယ်။

နယူးကာဆယ်အသင်းက ချန်ပီယံလိဂ် ဝင်ခဲ့ပေမယ့် ဒီပွဲ သရေကျခဲ့တဲ့ လက်စတာအသင်းကတော့ လာမယ့်နှစ်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ လက်စတာအသင်းဟာ တန်းဆင်းဇုန် အထက်က အဲဗာတန်အသင်းနဲ့ ၂ မှတ် ကွာဟနေတာကြောင့် နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်း နိုင်ပွဲ ရယူနိုင်ခဲ့ရင် လက်စတာအသင်းဟာ တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။

Source: BBC