CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

ပဲရစ်အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲနဲ့ လက်ရည်စစ်ပွဲမှာ ရုရှားနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ယူကရိန်းအားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရဝန်ကြီး အိုလက်နမ်ချီနော့ဗ်က ပြောပါတယ်။

အိုလက်နမ်ချီနော့ဗ်က “အစိုးရအစည်းအဝေးမှာ ရုရှားနိုင်ငံသားတွေ မပါဝင်တဲ့ လက်ရည်စစ်နဲ့ ခြေစစ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီသတ်မှတ်ချက် ပြင်ပမှာ ပါဝင်ခြင်းဟာ အဖွဲ့ချုပ်တွေ အနေနဲ့ သူတို့ရဲ့ အမျိုးသားရပ်တည်မှုကို ဆုံးရှုံးစေခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်”လို့ ပြောခဲ့တာပါ။

ယူကရိန်းနိုင်ငံရဲ့ အားကစားဝန်ကြီးရဲ့ အဆိုပြုချက်အတိုင်း အစိုးရက ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပြီး ဒါကို လျစ်လျူ ရှုတဲ့ အားကစားအဖွဲ့ချုပ်တွေဟာ အရေးယူခြင်း ခံရနိုင်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ကြားနေအဖြစ် နိုင်ငံတကာပြိုင်ပွဲတွေထံ ဖြည်းဖြည်းချင်း ပြန်လာနိုင်ဖို့အတွက် အကြံပြုချက် ထုတ်ပြန်ခဲ့တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေကို နိုင်ငံ တကာ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

 ယူကရိန်းကစားသမားတစ်ဦးကိုတွေ့ရစဉ်

ဒါပေမယ့် လာမယ့်နှစ်မှာ ကျင်းပမယ့် ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့်ပေးဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက စဉ်းစားလာခဲ့တာပါ။

ယူကရိန်းဟာ ဒီနှစ်နိုင်ငံက အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုရင် ၂၀၂၄ ပဲရစ်အိုလံပစ်ကို သပိတ်မှောက် မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ စစ်အေးခေတ်ရဲ့ သပိတ်မှောက်မှုကို ပြန်လည်ရောက်မှာကို စိုးရိမ်နေတဲ့ အတွက် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ဖယ်ထုတ်ဖို့ ဝန်လေးနေတာပါ။

အဲဒါကြောင့်လည်း ဒီနိုင်ငံတွေက အားကစားသမားတွေကို အာရှကနေ ခြေစစ်ပွဲဝင်ပြီး အိုလံပစ်ပြိုင်ပွဲ ဝင်ရောက် နိုင်ဖို့ လမ်းကြောင်း တစ်ခုကို ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အချို့အဖွဲ့ချုပ်တွေကတော့ ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို လက်ခံထားပေမယ့် အားကစားသမားတွေနဲ့ ဥရောပအစိုးရအချို့ကတော့ IOC ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

Source: CNA