CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

အသလက်တီကိုမက်ဒရစ်အသင်း ပရိသတ်တွေဟာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ မက်ဒရစ် ဒါဘီပွဲ မစတင်ခင် ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အေးဂျင့်တစ်ဦးဖြစ်တဲ့ ဘရာဗိုက ဂိုးသွင်းအပြီးမှာ ကခုန်အောင်ပွဲခံတဲ့ ဗီနီစီးယက်စ်ကို ရည်ညွှန်းပြီး မျောက်လိုလုပ်တာ ရပ်လိုက်ပါလို့ ပြောခဲ့ပြီးနောက် ကစားသမားဖြစ်သူက စပိန်ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုကို ရှုတ်ချကြောင်းပြောထားတာပါ။ဘရာဇီးလ်နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပီလီ၊ နေမာတို့ အပါအဝင် ကစားသမားတချို့က ဗီနီစီးယက်စ်ဘက်က ရပ်တည်ကြောင်း ထုတ်ပြောခဲ့ ကြပါတယ်။

အသလက်တီကိုအသင်း ပရိသတ်တချို့ကတော့ မက်ဒရစ်ဒါဘီပွဲမစခင်မှာ “မင်းဟာ မျောက်ပဲ၊ ဗီနီစီးယက်စ် မင်းဟာ မျောက်ပဲ” ဆိုပြီး ကြွေးကြော်နေကြတဲ့ ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိသွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဗီနီစီးယက်စ်အပေါ် လူမျိုးရေးခွဲခြားတာနဲ့ပတ်သက်ပြီး ရီးရယ်လ်အသင်းက “ဒီလိုလူမျိုးရေးခွဲခြားမှုအပြုအမူတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ကျနော် တို့ ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပေးတဲ့သူတိုင်းကို တရားဥပဒေအရအရေးယူဖို့ လုပ်ဆောင်ထားတယ်လို့” ထုတ်ပြန်ထားပါတယ်။

ဗီနီစီးယက်စ်ကတော့ ဘာနေဗျူးမှာ ဒါမှမဟုတ် ဘယ်ကွင်းမှာပဲဖြစ်ဖြစ် ကခုန်အောင်ပွဲခံမှုကိုတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။ဘရာဇီးလ်ကစားသမားဟာ အသလက်တီကိုအသင်း နဲ့ပွဲမှာ အသင်းဖော် ရိုဒရီဂို ဂိုးသွင်းအပြီး ဆမ်ဘာအကနဲ့ ပြိုင်ဘက်ပရိသတ်တွေ ရှေ့မှာ ကခုန်အောင်ပွဲခံ သွားခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမှာ ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။

ဘရာဇီးလ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲမှာ ဂိုးသွင်းအပြီး ဗီနီစီးယက်စ်ကို ထောက်ခံတဲ့အနေနဲ့ ကခုန်အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။

Source:Mirror