CNI International News

မဏိပူရ၊ မေလ ၈

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် မျိုးနွယ်စုဆိုင်ရာ အကြမ်းဖက်မှုများကြောင့် လူ ၂၃၀၀၀ ကျော် ထွက် ပြေးနေရကာ အနည်းဆုံး ၅၄ ဦး သေဆုံးသွားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားသည်။

မဏိပူရ်(Manipur) ပြည်နယ်တွင်းမှ မတည်ငြိမ်မှုများသည် ပြီးခဲ့သည့် သီတင်းပတ် မျိုးနွယ်စု တစ်စုမှ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ပြီးနောက် ပဋိပက္ခများ ပေါ်ပေါက်လာရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ်များ၊ နေအိမ်များကို မီးရှို့ခဲ့ကြပြီး အာဏာပိုင်များဘက်က မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့သည်။

လက်ရှိတွင် အိန္ဒိယစစ်တပ်က မြန်မာနှင့် နယ်စပ် ပြည်နယ်တွင် တပ်သားထောင်ချီ ဖြန့်ကျက်ထားပြီး ဆိုးရွား သော အခြေအနေများတွင် ပစ်မိန့် ပေးထားသည်။

လတ်တလောမှာတော့ ကာဖျူးထုတ်ပြန်၍ အင်တာနက် ဖြတ်တောက်ထားသည်။

နေအိမ်များ မီးရှို့ခံနေရစဉ်

ညလုံးပေါက် အနေအထားတွင် ပဋိပက္ခ ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း စစ်တပ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားရာ ဧရိယာများထဲမှ တစ်ခုဖြစ်သည် ချူရာချန်ပူရ (Churachandpur) ခရိုင်တွင် မနက် ၇ နာရီမှ ၁၀ နာရီအထိ ကာဖျူးအမိန့်ကို ပြန်ရုတ်သိမ်းခဲ့သည်ဟု ပြောသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း စစ်တပ်ဘက်က လေကြောင်း ထောက်လှမ်းမှုများ၊ ဒရုန်းများအပြင် အင်ဖာလ် တောင်ကြား ဒေသတွင် စစ်တပ်ရဟတ်ယာဉ်များ ဖြန့်ကျက်ထားခြင်းဖြင့် လုံခြုံရေး မြှင့်တင်ထားသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်သည်။

လက်ရှိအချိန်အထိ အရပ်သား ၂၃၀၀၀ ခန့်ကို ကယ်တင်ထားပြီး ၎င်းတို့ကို စစ်စခန်းများသို့ ရွှေ့ပြောင်း ပေးထား သည်ဟုလည်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အာဏာပိုင်များဘက်က သေဆုံးသူများနှင့် ပတ်သက်သည့် တရားဝင် စာရင်းကို ထုတ်ပြန်ခြင်း မရှိသော်လည်း ပြည်နယ်မြို့တော် အင်ဖာလ် (Imphal) နှင့် ချူရာချန်ပူရရှိ ဆေးရုံရင်ခွဲရုံသို့ ရောက်ရှိလာသော စာရင်းအရ စုစုပေါင်း ၅၄ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

ကူးကီ(Kukis) ကဲ့သို့ မျိုးနွယ်စုများသည် ပြည်နယ်၏ လူများစုဖြစ်သော ကသည်း(Meitei) များကို တရားဝင် တိုင်းရင်းသားအဖြစ် သတ်မှတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ မပျော်မရွှင် ဖြစ်နေကြသည်။

လုံခြုံရေးတပ်ဖွဲ့၀င်များကို တွေ့ရစဉ် 

ထိုသို့ ပြုလုပ်မည်ဆိုကာ ၎င်းတို့အတွက် အစိုးရအလုပ်အကိုင် ရရှိရေး၊ ကောလိပ်ဝင်ခွင့်ရရှိရေး အရေအတွက် အတိအကျရရှိ လာမည်ဖြစ်ကာ ယင်းက ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုများကို ဖြေရှင်းရန် ရည်ရွယ် သည့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ပုံစံတစ်မျိုးလည်း ဖြစ်သည်။

ဘေးကင်းရေးအတွက် ထွက်ပြေးလာခဲ့ရကြောင်း၊ အခြေအနေများ ဆိုးရွားနေကြောင်း အသက် ၂၉ နှစ်အရွယ် ကူးကီလူမျိုး ဆင်တီ (Simte)က ကြုံတွေ့ ခဲ့သည်များနှင့် ပတ်သက်၍ ပြန်ပြောင်း ပြောပြသည်။

၎င်းသည် မိသားစုဝင် ၁၁ ဦးနှင့်အတူ စနေနေ့ ကတည်းက အင်ဖာလ်လေဆိပ် အပြင်ဘက်တွင် နေထိုင်နေရသူ ဖြစ်သည်။

ဝမ်ကွဲ အစ်ကိုဖြစ်သူ တစ်ဦးကို အကြမ်းဖက်လူအုပ်စုက သတ်ဖြတ်ခဲ့ကြောင်း၊ အိမ်လည်း မီးရှို့ခံခဲ့ရသည်ဟု ဆင်တီက ပြောသည်။ လုံခြုံရေး အခြေအနေများ ပိုမိုကောင်းမွန်လာမှသာ နေရပ်သို့ ပြန်တော့မည်ဟုလည်း ၎င်းက ပြောသည်။

Source: ဘန်ကောက်ပို့စ်