CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅

အဲဗာတန်အသင်းနည်းပြ လမ်းပတ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့အတွက် ဖိအားတွေမြင့်တက်လာချိန်မှာ ဝိန်းရွန်နီဟာ မာဆေးဆိုဒ်ကလပ်ရဲ့ နည်းပြသစ်ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ အိမ်ကွင်းပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နည်းပြ လမ်းပတ်ရဲ့ ရာထူးဟာ မတည်မငြိမ်ဖြစ်လာခဲ့တာပါ။အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် ၁၈ ပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ တန်းဆင်းဇုန်အဆင့် ၁၈ နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။အဲဒါကြောင့် မာဆေးဆိုဒ် ကလပ်ဟာ လမ်းပတ်နေရာအစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး ဝိန်းရွန်နီဟာ ဘယ်လ်ဂျီယံနည်းပြဟောင်း မာတီးနတ်ဇ်နဲ့အတူ နည်းပြ ဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့တာပါ။

ဘန်လေအသင်းနည်းပြဟောင်း ရှောင်ဒိုက်နဲ့ ဆဲလ်တစ်အသင်းနည်းပြ ပိုစတီကိုဂလူးတို့လည်း ဒီစာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။အဲဗာတန်အသင်းမှာ ၂ ကြိမ်ကစားခဲ့တဲ့ ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေပြီး အဲဗာတန်ပရိသတ်တွေ သဘောကျနှစ်သက်တဲ့ သူလည်း ဖြစ်ပါတယ်။ဝိန်းရွန်နီဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက အဲဗာတန်အသင်းနည်းပြသစ် ဖြစ်လာဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဒါဘီအသင်းမှာပဲ ဆက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းပရိသတ်တွေဟာ အသင်းရလဒ်တွေကို စိတ်ပျက်နေတာဖြစ်ပေမယ့် လမ်းပတ်ကတော့ သူ့ရဲ့ နည်းပြရာထူးအတွက် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ပြောထားခဲ့တာပါ။လမ်းပတ်အနေနဲ့ အခုတစ်ပတ် ယူနိုက်တက်အသင်းနဲ့ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ဆက်လက် ကိုင်တွယ်ခွင့်ရဖို့ ရှိနေတာဖြစ်ပါတယ်။

လမ်းပတ်ဟာ အဲဗာတန်အသင်းကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၄၁ ပွဲကိုင်တွယ် ထားတာမှာ ၁၂ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၂၁ ပွဲအထိ ရှုံးနိမ့်ထားပြီး မနှစ်ကရာသီက တန်းဆင်းဇုန်ကနေ လွတ်မြောက် အောင် ကိုင်တွယ်ထားခဲ့တာဖြစ်ပါတယ်။

Source:The Sun