CNI International News

ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၈

တရုတ်နိုင်ငံတွင် မကြာသေးမီက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုများ မြင့်တက် နေခြင်းသည် COVID-19 ကပ်ရောဂါ မတိုင်မီအချိန်ကလောက် များပြားခြင်း မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပြောကြားမှုကို CNA သတင်းတွင်ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများအတွင်း ပုံမှန် မဟုတ်သည့် ရောဂါဖြစ်စေတတ်သော အဏုဇီဝသက်ရှိများ (Pathogens) သို့မဟုတ် ၎င်း အဏုဇီဝသက်ရှိ အမျိုးအစားသစ်များကို မတွေ့ရှိခဲ့ကြောင်းလည်း WHO က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ၂ နှစ်ကြာ ထုတ်ပြန်ခဲ့သည့် COVID-19 ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် ကလေးငယ်များအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှု မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု WHO ၏ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးရေးဌာနမှ ညွှန်ကားရေးမှူး မာရီယာ ဗန် ခါခိုဗီ (Maria Van Kerkhove) က ပြောကြားခဲ့သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားနေသည့် တရုတ်နိုင်ငံ (Reuters)

"ကပ်ရောဂါမဖြစ်ခင်ကာလက ဖြစ်ပွားခဲ့တဲ့ ရောဂါကူးစက်မှုအခြေအနေနဲ့ ကျွန်မတို့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ အခုဖြစ်ပွားနေတဲ့ ကူးစက်ရောဂါအခြေအနေဟာ ၂၀၁၈-၂၀၁၉ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ ရောဂါကူးစက်မှု အခြေအနေလောက် မြင့်တက်တာမျိုး မတွေ့ရပါဘူး" ဟု ဗန် ခါခိုဗီက ကျန်းမာရေး သတင်းဝက်ဘ်ဆိုက် ဖြစ်သည့် STAT နှင့် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်၏ အမျိုးသား ကျန်းမာရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ မီဖန်း (Mi Feng) ကမူ ဆိုးရွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်ပွားမှုသည် တုပ်ကွေးရောဂါကဲ့သို့ ရောဂါဖြစ်စေနိုင်သည့် အဏုဇီဝသက်ရှိ အမျိုးအစားအချို့ ပျံ့နှံ့မှုနှင့် ဆက်နွှယ်နေကြောင်း နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကလေးများသည် အဆုတ်ရောင်ရောဂါများ ကူးစက်ဖြစ်ပွားနေသည်ဆိုသော သတင်းတစ်ရပ် ကြောင့် ထိုရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်ပြီး အချက်အလက်များ ပိုမိုထုတ်ပြန်ပေးရန် WHO က တရုတ်ကို တောင်းဆိုခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း စိုးရိမ်မှုများမြင့်တက်ခဲ့သည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကလည်း တရုတ်နှင့် WHO သည် ၎င်းရောဂါနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိသည့် သတင်းများ ထုတ်ပြန်ခြင်းမရှိခဲ့မှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Source: CAN