CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၉

ထိုင်းနိုင်ငံတွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးရန် အမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက်ခ် ဆူကဝီမွန် (Torsak Sukvimol) က တောင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တော်ဆက်ခ်သည် သက်ဆင်အား ဆေးဝါးကုသပေးနေသည့် ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံ (Police General Hospital- PGH) ကို အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နှာခေါင်းစည်း ဝတ်ဆင်ထားသည့် သက်ဆင်သည် လူနာများဝတ်ဆင်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ပြီး  CT စကန်နှင့်် MRI စကန်များ ရိုက်ရန် လူနာတင်တွန်းလှည်းနှင့် သွားရောက်နေသည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာ ခဲ့ပြီးနောက် ၎င်း၏ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ရန် တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် သတင်းပတ်က လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သည့်် ထိုဓာတ်ပုံကြောင့် သက်ဆင်သည် အခွင့်ထူးခံ လူတန်းစား တစ်ဦးအဖြစ် ဆေးဝါးကုသမှုများ ခံယူရဖွယ်ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ 

အချို့ကလည်း ထိုဓာတ်ပုံကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။ 

သက်ဆင်ကို တွေ့ရစဉ်

သက်ဆင်သည် အလွန်အမင်း ဖျားနာနေသဖြင့် အကျဉ်းထောင်အပြင်ဘက်တွင် ဆေးဝါးကုသမှုများ ခံယူနေရ သည့် အခြေအနေကို အများပြည်သူက ဂရုဏာသက်စေရန် ရည်ရွယ်ချက်ဖြင့် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်နိုင် သည်ဟု ဝေဖန်သူမျာက ပြောသည်။

သက်ဆင်အတွက် အကျဉ်းထောင် အပြင်ဘက်ရှိ ဆေးရုံတွင် ရက်ပေါင်း ၉၀ ကြာ ဆေးဝါးကုသခွင့်သည် အောက်တိုဘာ ၂၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုသတ်မှတ်ကာလ သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်း အလိုတွင် ထိုဓာတ်ပုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက်ခ်ကမူ သူသည် သက်ဆင်၏ ဆေးရုံတင်ရသည့် အခြေအနေနှင့်ပတ်သက်ပြီး အချက်အလက် အနည်းငယ်သာ သိရှိထားကြောင်း ဝန်ခံခဲ့သည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ၁၅ နှစ်ကြာ ပြည်ပတွင် နေထိုင်ခဲ့ပြီးနောက် ယခုနှစ် သြဂုတ် ၂၂ ရက်၌ ထိုင်းသို့ ပြန်လည်ရောက်ရှိလာသည်။

ထိုင်းသို့ ရောက်ရှိချိန်မှာပင် အမှုသုံးခုဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရသည်။ 

သို့သော် သက်ဆင်သည် ဘန်ကောက် ရမန် အကျဉ်းထောင် (Bangkok Remand Prison) တွင် စတင် ထောင်ဒဏ်ကျခံသည့် ညမှာပင် ကျန်းမာရေးပြဿနာကြောင့် ညတွင်းချင်း ရဲတပ်ဖွဲ့ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။ 

ထို့နောက် သက်ဆင်သည် ထိုင်းဘုရင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံခဲ့ရာတွင် ထိုင်းဘုရင်က သက်ဆင် ၏ ထောင်ဒဏ်ကို ၈ နှစ်မှ ၁ နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။

Source: ဘန်ကောက်ပို့စ်