CNI International News

ပေကျင်း၊ မတ်လ ၂၈

တရုတ်အစိုးရ၏ ကျန်းမာရေးအာမခံစနစ် အုပ်ချုပ်ရေးအဖွဲ့က ကျယ်ပြောလှသည့် ကျေးလက်ဒေသများတွင် ကျန်းမာရေးအာမခံ ထားရှိသူ အရေအတွက် ပိုမိုများပြားစေရန် တိုက်တွန်းလျက်ရှိပြီး ကျန်းမာရေးအာမခံ ထားရှိသူ အရေအတွက် လျော့ကျလာမှုအပေါ် စိုးရိမ်မှုများအား ငြင်းဆိုခဲ့သည်ဟု South Chian Morning Post မှ ဖော်ပြခဲ့သည်။

လယ်သမားများနှင့် အလုပ်လက်မဲ့များအတွက် ရည်ရွယ်သည့် ထိုအာမခံ အစီအစဉ်သည် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း အာမခံထားရှိသူ အရေအတွက်သည် စိုးရိမ်ဖွယ် အခြေအနေအထိ လျော့ကျခဲ့သည်။

ထိုသို့ လျော့ကျမှုအပေါ် စိုးရိမ်စိတ်များ ထွက်ပေါ်လာမှုကို တုန့်ပြန်သည့်အနေဖြင့် အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု လုံခြုံရေးအာဏာပိုင်အဖွဲ့ (NHSA) က ထိုကဲ့သို့ အာမခံထားရှိသူ အရေအတွက် လျော့ကျမှုသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ တိုးတက်မှုများနှင့် ဖွဲ့စည်းပုံဆိုင်ရာ ထိန်းညှိဆောင်ရွက်မှုတို့ကြောင့် ဖြစ်သည်ဟု မတ်လ ၂၅ ရက်က ပြောကြားခဲ့သည်။

ကွင်းဆင်းလေ့လာမှု တစ်ရပ်နှင့် မီဒိယာများက ကျန်းမာရေးအာမခံကြေး ပေးသွင်းမှုနှုန်းထားများ မြင့်တက်လာ ခြင်း၊ ဝင်ငွေများ တိုးမလာခြင်းနှင့် စီးပွားရေး နှေးကွေးမှုများကြောင့် ကျန်းမာရေး အာမခံထားရှိရန် စိတ်ဝင်စားမှု များ လျော့ကျလာသည်ဟု ဖော်ပြခဲ့ပြီးနောက် NHSA ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

 တရုတ်နိုင်ငံသားတွေကိုတွေ့ရစဉ်

ကျန်းမာရေးအာမခံ ထားရှိသူနှုန်း လျော့နည်းမှုသည် လူဦးရေလျော့ကျမှုနှင့် လုပ်သားအင်အား ကျုံ့လာမှုတို့နှင့် ရင်ဆိုင်နေရသည့် တရုတ်၏ ကျန်းမာရေး အာမခံစနစ်အတွက် စိန်ခေါ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

တရုတ်သည် လူဦးရေ  ၁ ဒသမ ၄ ဘီလျံ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် နေထိုင်သူများအတွက် ကျန်းမာရေးအာမခံ ထားရှိမှုစနစ်တွင် အာမခံများကို ပြန်လည်ဖျက်သိမ်းမှုများ ရှိခဲ့သည်ဆိုသော သတင်းများကို NHSA က ငြင်းဆိုခဲ့သည်။ 

၂၀၂၂ ခုနှစ်အတွင်း ကျန်းမာရေးအာမခံ ထားရှိသည့် စနစ်မှ လူ ၂၅ သန်းခန့် လျော့ကျခဲ့သည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော်လည်း NHSA ကမူ ထိုအရေအတွက်သည် မပြောပလောက်သည့် အရေအတွက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

"အဓိက အကြောင်းရင်းကတော့ အာမခံကြေးတွေ မြင့်တက်နေချိန်မှာ လူတွေရဲ့ ဝင်ငွေတွေကတော့ နိမ့်ကျနေဆဲ ဖြစ်လို့ပါပဲ။ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ကျန်းမာရေးအာမခံထားဖို့ ငွေပိုငွေလျံ မရှိကြတော့လို့ ဖြစ်ပါတယ်" ဟု တရုတ်လူမှုလုံခြုံရေးအသင်း၏ လက်ထောက်ညွှန်ကြားရေးမှူး ပါမောက္ခ ဟီဝမ်ကျွန် (He Wenjiong) က ပြောကြားခဲ့သည်။

Source: NDTV