CNI International News

မဲလ်ဘုန်း၊ မတ် ၆

စင်္ကာပူနိုင်ငံတွင် အဆိုတော်တေလာဆွစ်ဖ် (Taylor Swift) ၏ ဖျော်ဖြေပွဲ ဖြစ်မြောက်စေရန် သဘောတူညီချက် နှင့်ပတ်သက်သည့် လျှို့ဝှက်စီမံ လုပ်ဆောင်မှုများအပေါ် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က ကာကွယ်ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

တေလာဆွစ်ဖ်သည် မတ်လ ၂ ရက်မှစပြီး မတ်လ ၉ ရက်အထိ စင်္ကာပူတွင် ဖျော်ဖြေပွဲ ၆ ပွဲ ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် စင်္ကာပူသည် တေလာဆွစ်၏ နာမည်ကျော် Eras ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်တွင် လက်ခံ ကျင်းပခွင့်ရှိသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့သည်။

တေလာဆွစ်ဖ်၏ စင်္ကာပူဖျော်ဖြေပွဲ အစီအစဉ်များကြောင့် ဂီတကိုရူးသွပ်သည့် အရှေ့တောင်အာရှတွင် အငြင်းပွား မှုများ ပေါ်ပေါက်လာခဲ့သည်။

စင်္ကာပူအစိုးရသည် အခြားနိုင်ငံများ၌ တေလာဆွစ်ဖ်ကို ဖျော်ဖြေခြင်း မရှိစေရန် ငွေကြေး အမြောက်အများ သုံးစွဲပြီး စင်္ကာပူတွင် ဖျော်ဖြေပွဲ ၆ ပွဲအထိ ပြုလုပ်စေရန် စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

ထိုအကြောင်းအရာသည် များသောအားဖြင့် လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကြောင်းများကိုသာ ဆွေးနွေးလေ့ရှိသည့် မဲလ်ဘုန်းမြို့တွင် ပြုလုပ်သည့် အာဆီယံ-ဩစတြေးလျ ညီလာခံ၌  အဓိကထား ဆွေးနွေးရ သော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

လီရှန်လွန်းကို တွေ့ရစဉ်

“စင်္ကာပူကို လာရောက်ဖျော်ဖြေဖို့ ကျနော်တို့ အေဂျင်စီတွေက တေလာဆွစ်ဖ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါ တယ်။ ပြီးတော့ စင်္ကာပူဟာ သူ့ရဲ့ တစ်ခုတည်းသော ဖျော်ဖြေပွဲကျင်းပတဲ့ နေရာဖြစ်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်” ဟု လီရှန်လွန်းက ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) နှင့်ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“သဘောတူညီချက်ရရှိခဲ့ပြီး အဲဒါဟာ အရမ်းအောင်မြင်မှုရရှိခဲ့တဲ့ စီမံဆောင်ရွက်မှု ဖြစ်ခဲ့ပါတယ်။ ဒါကို မိတ်ဆွေ မဆန်ဘူးလို့ ကျနော် မမြင်မိပါဘူး”ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

တေလာဆွစ်ဖ်နှင့် သဘောတူညီမှု ရရှိခဲ့သည့် ငွေကြေးဆိုင်ရာ ညှိနှိုင်းချက် အသေးစိတ်ကိုမူ စင်္ကာပူက ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။ 

တေလာဆွစ်ဖ်သည် စင်္ကာပူဖျော်ဖြေပွဲ အပြီးတွင် ဥရောပသို့ သွားရောက် ဖျော်ဖြေမည်ဖြစ်သည်။

Source: Thai PBS World