CNI International News

ကိုလံဘို၊ ဇွန်လ ၁၇

သီရိလင်္ကာသည် လောင်စာဆီအတွက် ဒေါ်လာသန်း ၅၀၀ အကြွေးသစ်ယူရန် အိန္ဒိယအစိုးရထံမှ စောင့်စားနေချိန် ၌ လက်ကျန်လောင်စာဆီမှာ ၅ ရက်စာသာရှိတော့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ဇွန်လ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၎င်းနိုင်ငံ၏နိုင်ငံခြားအရန်ငွေကြေးမှာ အနိမ့်ဆုံးကျဆင်းခဲ့ပြီးနောက် အစားအသောက်၊ ဆေးဝါးနှင့် လောင်စာဆီ စသည့် မရှိမဖြစ် ကုန်ပစ္စည်းများအတွက် ပေးချေစရာ ဒေါ်လာပြတ်တောက်သွားခဲ့ရာ လူဦးရေ ၂၂ သန်းရှိသော နိုင်ငံအတွက် ဆယ်စုနှစ် ၇ ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံတဝန်းရှိ ဓာတ်ဆီဆိုင်တွင် စောင့်ဆိုင်းတန်းစီနေသူ လူတန်းကြီးမှာ ကီလိုမီတာနှင့်ချီ၍ ရှည်လျားခဲ့ပြီး ယခု သီတင်းပတ်၌ ဆီပြတ်လပ်မှုမှာ ပိုဆိုးလာခဲ့ကြောင်း၊ ဆီတန်းစီရင်း ယာဉ်ပိုင်ရှင်များက ကြိုကြား ကြိုကြား ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

လက်ကျန်ဆီများမှာ မော်တော်ယာဉ်များ၊ လုပ်ငန်းအချို့နှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများအတွက် မမျှမတဖြစ်နေခဲ့သည်။

ပြီးခဲ့သည့်တစ်လခန့်ကလည်း ဝန်ကြီးချုပ်က ဓာတ်ဆီတစ်ရက်စာသာ ပေးနိုင်တော့ မည်ဟုလည်း ပြောကြားခဲ့ဖူးသည်။

သီရိလင်္ကာတွင် ဒေါ်လာ ၇၂၅ သန်းဖြင့် ဆီဝယ်ယူဖြည့်တင်းနိုင်ရေး အဆင်မပြေသေးကြောင်း၊ လာမည့် အနာဂတ် အတွက် အကြွေးတင်သွင်းနိုင်ရန် မနည်းရုန်းကန်နေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကန်ချနာဝီဂျီစီကီရာက ပြောကြားခဲ့သည်။

“ကျနော်တို့မှာ နိုင်ငံခြားငွေပြဿနာရှိနေလို့ လောင်စာဆီရဖို့ မနည်းရုန်းကန်နေရပါတယ်။ အခုဆို အစိုးရ လက်ရှိ ဒီဇယ်နဲ့ ဓာတ်ဆီလက်ကျန်တွေကို ဇွန်လ ၂၁ ရက်အထိ လောက်ငအောင် စီမံနေပါတယ်။ မလိုအပ်တဲ့ခရီးတွေကို လျှော့ပြီး လောင်စာဆီ မချန်ဘဲထားလိုက်ရင်လည်း ဝယ်လိုအားပြည့်မီဖို့ အင်မတန်ခက်ခဲပြီး ခွဲတမ်းတွေ မြန်မြန် ကုန်သွားပါလိမ့်မယ်။ လာမယ့် ၃ ရက်အတွင်း ဓာတ်ဆီထပ်ပြီး တင်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ နောက် ၈ ရက်ဆို တင်သွင်းမှု ၂ ခု ထပ်ရဖို့ရှိပါတယ်” ဟု ဝန်ကြီးက သတင်းထောက်များကို ရှင်းပြခဲ့သည်။

ဝန်ကြီး ကန်ချနာဝီဂျီစီကီရာသည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း လောင်စာဆီတင်သွင်းနိုင်ရေး အတွက် အိန္ဒိယအစိုးရ၏ Exim ဘဏ်ထံမှ ဒေါ်လာ သန်း ၅၀၀ ချေးငွေရနိုင်ရန် တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေသည်။

အိန္ဒိယသည် သီရိလင်္ကာ၏အကျပ်အတည်းအတွင်း အဓိကပံ့ပိုးသူဖြစ်ခဲ့ပြီး မရှိမဖြစ် တင်သွင်းကုန်များအတွက် အကြွေး ဒေါ်လာ ၁ ဘီလီယံနှင့် ဒေါ်လာ သန်း ၄၀၀ ထုတ်ပေးခဲ့သည်။ စုစုပေါင်း အကူအညီ ဒေါ်လာ ၃ ဘီလီယံ အထိ ရှိပြီဖြစ်သည်။

Source: CNN