CNI International News

ကိုလံဘို၊ ဧပြီ ၂၀

လောင်စာဆီ ဈေးတက်လာ၍ ဆန္ဒပြနေသူများကို သီရိလင်္ကာရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်၌ ပစ်ခတ်နှိမ်နင်းခဲ့ရာ လူ ၁ ဦးသေဆုံး ၍ ၁၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

လက်ရှိ လောင်စာဆီပြဿနာသည် နိုင်ငံ၏ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို အကြောင်းပြု၍ သီတင်းပတ် အတန်ကြာ ဆန္ဒပြနေခဲ့ကြရာ ယခုပစ်ခတ်နှိမ်နင်းမှုမှာ ပထမဆုံးဖြစ်ကြောင်း အေပီသတင်း ဌာနက ဆက်လက် ရေးသားဖော်ပြသည်။

ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ ၁၅ ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိသွား၍ ဆေးရုံသို့ တင်ပို့ ထားရသည်။
ကိုလံဘိုမြို့တော်၏ အရှေ့မြောက်ဘက် ၅၅ မိုင် (ကီလိုမီတာ ၉၀) အကွာရှိ ရမ်ဘူကာနာမြို့တွင် ဆန္ဒပြသူများကို သေနတ် ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီးနောက် ဒေသအလိုက် ညဘက်လမ်းမထွက်ရ (ကာဖြူး အမိန့်) ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသူများသည် မီးရထားသံလမ်းနှင့် ကားလမ်းများကို ပိတ်ဆို့ထားသဖြင့် လူစုခွဲကြရန် ရဲ၏ သတိပေးချက်များကို လျစ်လျူရှုခဲ့ကြကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ နီဟဲတယ်လ်ဒူဝါ (Nihal Talduwa) က ပြောကြားခဲ့သည်။

ထို့ပြင် ဆန္ဒပြသူများသည် ရဲများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကီဂယ်လီမြို့ရှိ အစိုးရဆေးရုံမှ ဒေါက်တာမီဟီရီပရီယန်ဂါနီ (Mihiri Priyangani) က “ဆန္ဒပြပွဲမှ သေနတ်ဒဏ်ရာဖြင့် လူနာ ၁၄ ဦး ရောက်ရှိလာကြောင်း၊ ၁ ဦး သေဆုံးသွားကြောင်း” ပြောကြားခဲ့သည်။

လောင်စာဆီကို တန်းစီစောင့်နေကြ(GETTY IMAGES)

တခြားလူနာ ၃ ဦးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် စောင့်ကြည့် အနေအထားရှိနေသည်။ ရဲများကတော့ သာမန် ထိခိုက် ဒဏ်ရာဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ကျောက်ခဲများ ထိမှန်၍ ဒဏ်ရာရခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာက ဆက်လက် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ယခုနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည့် နိုင်ငံခြားကြွေးမြီ စုစုပေါင်း ဒေါ်လာ ၂၅ ဘီလီယံအနက် ဒေါ်လာ ၇ ဘီလီယံ မဆပ်နိုင်သေး၍ ဒေဝါလီခံခဲ့ရသည်။ နိုင်ငံခြားငွေကြေးဆိုးရွားစွာ ပြတ်တောက်သွားသဖြင့် ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများ ဝယ်ယူရန် ငွေအင်အား အလွန်ချို့တဲ့လျက်ရှိသည်။

အမေရိကန်သံအမတ် ဂျူလီယာချောင် (Julie Chung) နှင့် ကုလသမဂ္ဂညှိနှိုင်းရေးမှူး ဟာနာစင်ဂါဟမ်ဒီ (Hanaa Singer-Hamdy) တို့က ဘက်ပေါင်းစုံမှ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရန်နှင့် ပြည်သူအများ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရှိစေရန် သီရိလင်္ကာအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

ယခု ပစ်ခတ်နှိမ်နင်းမှု ဖြစ်စဉ်နှင့်ပတ်သက်၍လည်း လွတ်လပ်သောစုံစမ်းစစ်ဆေးမှုပြုသွားရန် အမေရိကန်သံအမတ်က တောင်းဆိုခဲ့သည်။

သီရိလင်္ကာနိုင်ငံသားများသည် အကန့်အသတ်ဖြင့်သာရှိသော အစားအစာ၊ မီးဖိုချောင်သုံး ဓာတ်ငွေ့၊ လောင်စာဆီနှင့် ဆေးဝါး များ စသည့် မရှိမဖြစ် လိုအပ်သောပစ္စည်းများ၊ အသုံးအဆောင်များကို တန်းစီစောင့်ဆိုင်းလျက် ဝယ်ယူခဲ့ရပြီး လနှင့်ချီ၍ အထွေထွေ အသုံးအဆောင် ပြတ်လပ်မှုဒဏ် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။

Source: AP