CNI International News

ကိုလံဘို၊ ဇွန်လ ၂၀

ဘဏ္ဍာရေးအကျပ်အတည်းကို ကယ်တင်မည့် အစီအစဉ်များ ဆွေးနွေးရန်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သီရိလင်္ကာနိုင်ငံသို့ ဇွန်လ ၂၀ ရက် (ယနေ့) ရောက်ရှိလာကြောင်း ရိုက်တာ သတင်းအရ သိရသည်။

သို့သော် လောင်စာဆီ လုံးဝပြတ်တောက်ရန် ရက်ပိုင်းသာ ကျန်တော့သည့် သီရိလင်္ကာနိုင်ငံအတွက် တိုတောင်း လှသည့်အချိန်အတွင်း ကယ်တင်ရေးရန်ပုံငွေ မရနိုင်သေးဘဲ လနှင့်ချီ၍ ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရသည်။

ဆယ်စုနှစ်များစွာ စီးပွားရေး စီမံခန့်ခွဲမှုအမှားများ၊ လတ်တလော မူဝါဒလွဲချော်မှုများနှင့်အတူ Covid-19 ကပ် ရောဂါကြောင့် ခရီးသွားလုပ်ငန်းရပ်ဆိုင်းခြင်း၊ ငွေလွှဲလုပ်ငန်းများ ဂယက်ရိုက်ခတ်ခြင်းတို့ကြောင့် နိုင်ငံခြား အရန် ငွေကြေးမှာ စံချိန်တင်အောင် နိမ့်ကျ၍ ဒေဝါလီခံခဲ့ရသည်။ လူဦးရေ ၂၂ သန်းရှိသည့် ကျွန်းနိုင်ငံဖြစ်သော သီရိ လင်္ကာတွင် ပြီးခဲ့သည့်ဧပြီလ၌ နိုင်ငံခြားကြွေးမြီ ၁၂ ဘီလီယံ ပေးချေရန် ဆိုင်းငံ့ခဲ့သည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းရင်း ခေါက်ကုတင်ပေါ်တွင် အိပ်ပျော်နေခဲ့သည့် အမျိုးသားတစ်ဦးကိုတွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

ငွေကြေးဖောင်းပွမှုနှင့်ငွေတန်ဖိုးကျဆင်းမှု၊ လောင်စာဆီ၊ စားနပ်ရိက္ခာနှင့်ဆေးဝါးပြတ်တောက်မှု ရေရှည်ဆိုးရွား လာသဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းအဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။

IMF ကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘိုမြို့တော်တွင် ဇွန်လ ၃၀ ရက်အထိ ရှိနေမည်ဖြစ်ပြီး သီရိလင်္ကာအတွက် ၁၇ ကြိမ်မြောက် ဘဏ္ဍာရေးကယ်တင်မည့်အစီအစဉ်အတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဇွန်လ ၁၉ ရက် ရက်စွဲဖြင့် IMF က သတင်းထုတ်ပြန်ခဲ့သည်။

“အခုလို ခက်ခဲနေတဲ့အချိန်မှာ သီရိလင်္ကာကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ကို IMF ရဲ့မူဝါဒတွေနဲ့အညီ အကောင် အထည်ဖော်သွားဖို့ ထပ်လောင်းအတည်ပြုလိုက်ပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာ ငွေချေးပေးသူ IMF ၏ ထုတ်ပြန် ချက်ထဲတွင် ဖော်ပြထားသည်။

အမျိုးသမီးတစ်ဦးသည် သီရိလင်္ကာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် စောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

ကိုလံဘိုသို့ IMF ၏ ခရီးစဉ်အတွင်း ကြွေးမြီကိစ္စ ဆွေးနွေးပွဲအကြိမ်ကြိမ်ကျင်းပမည်ဖြစ်ပြီး ဝန်ထမ်းအဆင့် သဘောတူညီချက်များ အမြန်ထုတ်ဖော်၍ IMF ၏ ငွေထုတ်ပေးမှုမှာ မြန်ဆန်သောလမ်းကြောင်းတစ်ရပ်အဖြစ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

သို့သော် ပြည်တွင်း၌ ကုန်စည်ပြတ်တောက်မှုနှင့် နိုင်ငံရေးမငြိမ်မသက်သည့် အန္တရာယ်များ ပိုများနေသဖြင့် IMF လုပ်ငန်းစဉ်မှာ လနှင့်ချီ၍ ကြာမြင့်နိုင်သည်။
“ဝန်ထမ်းအဆင့် သဘောတူညီချက် ရခဲ့ရင်တောင် တရုတ်အပါအဝင် ကြွေးမြီရှင်တွေက အတိုင်းအတာတစ်ခု အထိ ကြွေးမြီသက်သာခွင့်ပေးဖို့ အာခံချက်ရ/မရဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု အမေရိကန် တယ်လီမာ (Tellimer) ရင်းနှီးမြှုပ်နှံမှုသုတေနသနကုမ္ပဏီမှ ဝါရင့်စီးပွားရေးပညာရှင် ပက်ထရစ်ကာရန်း (Patrick Curran) က ပြောကြားခဲ့သည်။

Source: Reuters