CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆

ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးဖြင့် ထိုင်းသို့ MOU လုပ်သားများအား စေလွှတ်ရာတွင် လေယာဉ်လက်မှတ် နှင့် ဗီဇာအား ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ ကိုယ်တိုင်ဝယ်ယူခွင့်မရရှိဘဲ တာဝန်ယူထားသည့် ကုမ္ပဏီထံမှ ဝယ်ယူရခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဝယ်ယူရာ၌ လေယာဉ်လက်မှတ်နှင့် ဝန်ဆောင်ခအတွက် လုပ်သားတစ်ဦးလျှင် ၁၄၅ ဒေါ်လာအဖြစ် ပေးရ ကြောင်း၊ နှုန်းထားများအား သီးခြားစီ ထုတ်ပြန်မထားသည့်အတွက် ပေးရသည့်နှုန်းထားမှာ ကိုယ်တိုင် ဝယ်ယူရ ခြင်းထက် များပြားနေကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက ထောက်ပြကြသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက“ကုန်ကျစရိတ်ကတော့ service ကြေးတွေ ဘာညာ ယူလိုက်မယ်ဆိုရင် ၁၄၅ ဒေါ်လာနဲ့ သွားပါတယ်။ လေယာဉ် လက်မှတ်ခကို ၁၄၅ ဒေါ်လာနဲ့ သွားတယ်။ သူတို့ ယူထားတဲ့ ကုမ္ပဏီရှိပါတယ်။ အကုန်လုံးပါပဲ သူတို့ တရားသေ သတ်မှတ်ထားတာ ၁၄၅ လို့ပြောတယ်။ များတာ ပေါ့နော်။ အဲဒီကုမ္ပဏီကလွဲရင် အမတို့ သွားဝင်လို့မရဘူး။ အရမ်းများတယ်လို့။ အပြင်မှာ ၇၀၊ ၅၉၊ ၆၀ လောက် ပဲပေါက်တယ်။ Service ခဘယ်လောက် ဘာကဘယ်လောက်ဆိုတာ အေဂျင်စီတွေက သိချင်နေကြတယ်လို့။ ကိုယ်ကိုယ်တိုင် ဝယ်ရရင် ဘယ်လောက်ကောင်းမလဲ။ ဈေးအများကြီး သက်သာတာပေါ့။ နောက်တစ်ခု ဗီဇာ ဒီမှာဝင်ရတယ်။ ဗီဇာဝင်တာက ၁၃၀၀ (ဘတ်)နဲ့ သွားတယ်။ ဗီဇာဝင်တာကတော့ ကိုယ်ကုန်ကျရမယ့် အခြမ်း မဟုတ်ဘူး။ ဘန်ကောက်က ထိုင်းတွေ ကုန်ကျပေးရမယ့်အခြမ်း။ ဗီဇာလည်း အမတို့ ကုမ္ပဏီ တစ်ခုချင်း ဝင်လို့ မရဘူးလို့ ကြားရတယ်။ နောက်တစ်ခုက ဗီဇာက ကိုယ့်ဘာသာ ဝင်လို့ရရဲ့သားနဲ့ ဗီဇာကိုယ်ဘာသာ မဝင်ရဘဲ service ခဆိုပြီး ၈၀၀ ယူတယ်လို့။ အဲဒါဘယ်လို ဖြစ်တယ်မသိဘူး။” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

ထိုင်းသို့ MOU လုပ်သားများ စေလွှတ်ရာတွင် ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ ရန်ကုန်-ဒွန်မောင်း လေဆိပ်မှ တဆင့် စေလွှတ်ရေးအား စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလ ၁၁ ရက်နေ့မှ စတင်၍ MAI နှင့် MNA လေကြောင်းလိုင်းများဖြင့် စေလွှတ်ခြင်းကိုသာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အကြောင်းကြားစာပေးပို့ထားသည်။

ထို့ကြောင့် လေယာဉ်လက်မှတ်ခနှင့် ဝန်ဆောင်ခ နှုန်းထားများ၏ သတ်မှတ်ချက်များအား တိတိကျကျသိရှိရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရွှေ့ပြောင်းလုပ်သားဌာနခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

မလေးရှားသို့ လုပ်သားများ စေလွှတ်ရာတွင် သော်လည်းကောင်း၊ ယခင်က ရန်ကုန်-ဒွန်မောင်းဖြင့် ထိုင်းသို့ MOU လုပ်သား စေလွှတ်ရာတွင်လည်း လေယာဉ်လက်မှတ်ခအား အေဂျင်စီများမှ ကိုယ်တိုင်ဝယ်ယူခွင့်ရှိခဲ့သည်။

သို့သော် ယခုကဲ့သို့ ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးစဉ်အား တရားဝင် စတင် သတ်မှတ်လိုက်ချိန်၌ ကိုယ်တိုင် ဝယ်ယူခွင့် မရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

ထို့ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လေယာဉ်လက်မှတ်နှင့် ဗီဇာ ဝယ်ယူခွင့် ပေးမည်ဆိုပါက လုပ်သားများအတွက် ကုန်ကျစရိတ် အနည်းငယ် လျော့ကျသွားနိုင်ကြောင်းလည်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်ကျစရိတ်ကြတော့ သတ်မှတ်ထားတဲ့အတိုင်း ဒီဘက်မှာရှိတဲ့ ကုမ္ပဏီ ဒါမှမဟုတ် အလုပ်ရှင်ပေါ့ အဲဒါမျိုးနဲ့ ခုနကခေါ်တဲ့ နှစ်ဖက်အေဂျင်စီတွေက အလုပ်သမား တစ်ယောက်အတွက် ဘယ်လောက်ဆိုတာ အလုပ်သမားကိုလည်း သူတို့ဆွေးနွေးပြီးတော့ သဘောတူညီချက်ယူတယ်။ ယူပြီးတော့ ဝန်ဆောင်ခနဲ့တွက်ပြီး အဲဒီမှာ အကုန် ပေါင်းလိုက်တာပေါ့ လေယာဉ်လက်မှတ်ခ ဘယ်လောက်တို့ တချို့အေဂျင်စီတွေကတော့ ပြော တယ်။ ဒါပေမယ့် အခုလိုမျိုး သူတို့သတ်မှတ်ထားတဲ့ အလုပ်သမားအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေကနေ လုပ်လို့မရဘဲနဲ့ သူတို့သတ်မှတ်ထားတဲ့ အေဂျင်စီကပဲ ဝယ်လို့ရမယ်ဆိုတာကတော့ နည်းနည်းတော့ မတရားဘူး ပေါ့။ ဘာလို့ဆို ကုန်ကျစရိတ်က တိုးလာတာကို။ သတ်မှတ်ထားတဲ့ လေယာဉ်လက်မှတ်နှုန်းရော၊ ဝန်ဆောင်ခနှုန်း ရောက များတယ်ဆိုရင် ဒီဟာက အလုပ်သမားတွေအတွက် ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ဝန်ဆောင်ခကို သူတို့ ပို‌ပေးရမယ်ဆိုရင်”ဟု ပြောသည်။

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ MOU လုပ်သားများအား ပုံမှန်စေလွှတ်နေကြ ဖြစ်သည့် အတွက် ထိုင်းဘက်အခြမ်း၌ ကြိုဆိုရေး စခန်းများမှာလည်း ၎င်းဘက်တွင် ရှိနေသည်။

သို့သော် လာမည့် ဧပြီ ၂၉ တွင် ရန်ကုန်-ဒွန်မောင်း လေကြောင်းဖြင့် MOU လုပ်သားများအား စတင် စေလွှတ်မည် ဖြစ်သောကြောင့် ထိုင်းဘက်မှ ကြိုဆိုရေးစခန်းများကို ၎င်းဘက်သို့ ပြောင်းရွှေ့ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။